မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

နေပြည်တော်အမှတ် (၂) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းကို နှစ်ပိုင်းပိုင်း၍ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

သားဖွားမီးယပ်နှင့် ကလေးဆေးရုံတွင် တာ၀န်ထမ်း‌ဆောင်နေသော ဗိုလ်မှူးကြီး ဇေယျာလင်းသည် ၎င်း၏ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် အလောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ညအချိန်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်၊ ရာဇသင်္ဃဟလမ်းနှင့် ပိတောက်လမ်းထောင့်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ‌နေပြည်တော် ဒေသခံများထံက သိရသည်။

အဆိုပါ ရုပ်အလောင်းစွန့်ပစ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာတွင် ဗိုလ်မှူးကြီး ဇေယျာလင်းသည် ဇနီးဖြစ်သူကို ၎င်းကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို နှစ်ပိုင်း ဖြတ်၍ စွန့်ပစ်ခဲ့သည်ဟု ၀န်ခံထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဗိုလ်မှူးကြီး ဇေယျာလင်းသည် တပ်မတော်ဆေးတက္ကသိုလ် အမှတ်စဉ်(၂) ကျောင်းဆင်း ဖြစ်ပြီး လက်ရှိတွင် နေပြည်တော် အမှတ်(၂) တပ်မတော် သားဖွားမီးယပ်နှင့် ကလေး ဆေးရုံခုတင်-၃၀၀ တွင် သားဖွားမီးယပ် ပါရဂူတာ၀န် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီးဇေယျာလင်းက ၎င်းမှာ မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားပြီး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသော်လည်း ဇနီးဖြစ်သူကို သတ်ဖြတ်၍ အလောင်း စွန့်ပစ်မှု ပြုလုပ်ခဲ့သည့် အကြောင်းရင်းကိုမူ တရား၀င်သိရှိရခြင်း မရှိသေးပေ။

စွန့်ပစ်ခံရသည့် ရုပ်အလောင်းကိုမူ ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက တပ်မတော် ခုတင် ၃၀၀ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်လူမှုကူညီရေး အသင်းထံက သိရသည်။

#နေပြည်တော် #ပုဗ္ဗသီရိ #တပ်မတော်ဆေးရုံပါရဂူ #ဗိုလ်မှူးကြီး #ဇေယျာလင်း #ဇနီးသတ်ဖြတ် #အလောင်းစွန့်ပစ် #Ayeyarwaddy_Times