ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ နေအိမ် ၁၆ လုံးကို ထပ်မံစာထုတ်ပြီး အဓမ္မ ဖယ်ရှားခိုင်းကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ခြံခတ်ပြီး အကွက်ရိုက် ရောင်စားရန်ပြင်ဆင်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ နေအိမ်များ ဖယ်ရှာပေးရန် စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ဦးကျော်ဇင်ဦးမှ ဦးဆောင်ပြီး ၎င်း၏နောက်လိုက်များဖြစ်သည့် ကျော်စွာ၊ အငယ်လေး၊ မိုးဒီ၊ FM၊ အေးနိုင် တို့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်‌ရေးမှူးရုံးကို အိမ်ထောင်ဦးစီးများအာ ခေါ်ယူကာခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများပြောသည်။

“ခြံခတ်ပီး ပြန်ရောင်းစားဖို့လုပ်နေတာ၊ ဒီခြံတွေက ပိုင်ရှင်ရှိတယ်ဆိုပြီး သက်သက်လုပ်တာ၊ နေလာခဲ့တာလဲ နှစ်ပေါင်းမနည်းတော့ဘူး။ အုပ်ချုပ်ရေးမှူးက လောင်းကစားတွေအရမ်းရှုံးနေလို့ လုပ်တယ်လို့လည်းပြောကြတယ်။ အုပ်ချုပ်ရေးမှူး တပည့်တွေကလည်း အိမ်တွေဖျက်ပေးဖို့ အိမ်တွေလိုက်ပြောတယ်။ နိုဝင်ဘာလတုန်းကလည်း ပထမအကြိမ်စာထုတ်ပြီး ဖယ်ခိုင်းသေးတယ် “ဟု ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ နေအိမ် ၁၆ လုံးမှာ ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်၊ ရွှေဆောင်တော်လမ်းဘေးတွင်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်ဦး တပည့်များက ပြောင်းရွှေ့စရိတ် (၃၀၀၀၀၀)ကျပ် ပေးဆောင်မည်ဟုဆိုကာ နေ့စဥ်လိုက်လံပြောဆိုနေကြောင်း သိရသည်။

ဖျက်ခိုင်းနေသည့် နေအိမ် ၁၆ လုံး ကို ရန်ကုန်မြို့၊ ဖွံ့ဖြိုးရေးသုတေသနစီမံကိန်း ကျူးကျော်နေထိုင်သူများစာရင်းတွင် ပြုစုထားပြီး ၂၀၁၆ ခုနှစ်တွင် သက်သေခံ (စမတ်ကဒ်)ပြားများ ထုတ်ပေးထားကြောင်းသိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ကျော်ဇင်ဦး၏ နေအိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညဦးပိုင်းက ဗုံးလေးလုံးဖြင့် ပါဆယ်အပို့ခံရပြီး သတိပေးခံထားရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-စာထုတ်ပြီး ဖယ်ရှားခိုင်းနေသည့် ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်နေအိမ်များ
#ဒဂုံဆိပ်ကမ်းမြို့နယ် #နေအိမ်၁၆လုံး #စာထုတ် #အဓမ္မဖယ်ရှားခိုင်း #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ခြံခတ်ပြီးရောင်းစားရန်ပြင်ဆင်နေ
#Ayeyarwaddy_Times