ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဒီဇင်ဘာ ၂၆ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကိုင်းအုပ်စု၊ အုတ်ဖိုရွာတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးမြင့်သိန်းနှင့် သားဖြစ်သူတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ-၃ SPDF က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သလို ပျူစောထီးခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည့် ဦးမြင့်သိန်းအား ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ဝင်‌ရောက် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် သားဖြစ်သူ စစ်ပြေးပျူစောထီးအဖွဲ့ဝင် ကိုပြည့်စုံက တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့သည့်အတွက် ထပ်မံပစ်ခတ်ခဲ့ရာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“သူ့သားဖြစ်တဲ့ ပြည်စုံ သေဆုံးခြင်းရှိ/မရှိကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။ သူတို့ကို စစ်ကောင်စီနဲ့ မပေါင်းဖို့၊ ပြည်သူနဲပူးပေါင်းဖို့ကို အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးပါပြီ။ နောက်မဆုတ်ဘဲ ဆိုးရွားစွာဆက်လက်လုပ်ကိုင်နေတဲ့ အတွက်ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ သူတို့တွေကြောင့် ပြည်သူတွေ တော်လှန်ရေး တပ်ဖွဲ့ဝင်ရဲဘော်တွေ မိသားစုဝင်‌တွေ ဒုက္ခရောက်ရတယ်။ ဒါကြောင့်ရှင်းလင်းရတာပါ” ဟု ပြည်ခရိုင်သတင်းနှင့်ပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျူစောထီးခေါင်းဆောင်ဦးမြင့်သိန်းသည် ကျေးရွာအုပ်စုအတွင်းမှ ဒေသခံလူငယ်များကို ပျူစောထီးအဖွဲ့ဖွဲ့ရန် စည်းရုံးခြင်း၊ စစ်‌ကောင်စီအတွက် တပ်သားသစ်များ စုဆောင်း ပေးခြင်း၊ စစ်မတိုက်ချင်၍ စစ်ကောင်စီတပ်အတွင်းမှ ထွက်ပြေးလာသည့် တပ်သား ကိုးဦးကို လိမ်လည်ခေါ်ယူကာ တပ်အတွင်းသို့ပြန်လည် ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအခါ စစ်ကောင်စီ ဒေါက်တိုင်များဖြစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနာဆိုင်ရာဝန်ထမ်းများ၊ ပျူစောထီအဖွဲ့ဝင်များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်သည့်အတွက် ပြည်သူနှင့် အမြန်ဆုံး ပူးပေါင်း၍ အလင်းဝင်ကြရန်လည်း သတိပေးပြောဆိုထားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း ညောင်ကုန်းရွာနှင့် ချင်းလည်ရွာကြား ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#ပေါက်ခေါင်းမြို့ #ပျူစောထီးခေါင်းဆောင်စစ်မှုထမ်းဟောင်း #အသတ်ခံရ #PDF #Ayeyarwaddy_Times