
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာ ၂၆ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းပွဲများကို ဆင်နွှဲလျက်ရှိရာ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)မှ တပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ရပြီး ရဲဘော်တစ်ချို့ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ တပ်ဖွဲ့ဝင်များဖြစ်သည့် တပ်ရင်း-၂ ၏ တပ်ခွဲမှူးဆလိုင်းတမ်လိန်း၊ ဆလိုင်းရွှေလိန်း၊ ဆလိုင်းဟုန်းလောဟာနှင့် ဆလိုင်းပီတာလိန်းတို့ကျဆုံးခဲ့ပြီး ထီးလင်းနှင့် ဂန်ဂေါအကြားရှိ မြစ်သာမြစ်ဆည်စခန်းသိမ်းပွဲ၊ မတူပီမြို့နယ် ထေဘွေးစခန်းသိမ်းပွဲနှင့် ဂန်ဂေါခရိုင်၊ ရေမျက်နီတိုက်ပွဲတို့တွင် ကျဆုံးသွား ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မင်းတပ်ဒေသထဲ လွတ်မြောက်ဖို့ တော်လှန်ရေးလုပ်ကြတာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ ကြွေးကြော်ထားကြတော့ တကယ့်အမြစ်(သို့မဟုတ်)သူတို့ရဲ့ အဓိကအခြေခံစခန်းကြီး တွေဖြိုမှ ရမယ်။ ဒီလိုဖြိုနိုင်ဖို့ ဘယ်နေရာကမဆို စစ်ကောင်စီအခြေပြုစခန်းငယ်တွေကို တော်လှန်ရေး အင်အားစုတွေပေါင်းပြီး တိုက်မှရမယ်။ ဒါကို ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖော်နေတာ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း ၅၀၀ နှင့် ၇၀၀ ကြားရှိကြောင်းသိရပြီး မင်းတပ်မြို့နှင့် ၁၈ မိုင်သာ ကွာဝေးသော ကျောက်ထုမြို့တွင် စစ်ကောင်စီ၏ လေတပ်ဆွယ်စခန်း၊ အမြောက်တပ်နှင့် ဒစကအထိုင်စခန်းရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ခန့်ရှိကြောင်း သိရသည်။
မင်းတပ်မြို့၊ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲပါက ဟောင်ဝေဇာအမြောက်၏ သတ်ကွင်းထဲရှိနေသည့်အတွက် လေကြောင်းလည်း အချိန်မရွေးစစ်ကူလာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံမှ သိရသည်။
“မြို့ကို မထိန်းနိုင်ရင် စစ်ကောင်စီက မြို့နဲ့ ပြည်သူအပေါ် အစွမ်းကုန် ရက်စက်ယုတ်မာလာရင် ထန်တလန်မြို့ကို မီးရှို့တာထက် ပိုဆိုးမယ်လို့ တွက်ထားရတယ်။ ဒီလိုအချက်တွေကို အပျက်အစီး၊ အထိအခိုက်နည်းအောင် ကြိုတင်ပြင်ဆင်ရတယ်။ ကိုယ့်ဖက်က လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းတာ၊ လေ့ကျင့်တာတွေ လုပ်ရတယ်။ ဒီလို မင်းတပ်မြို့ကို မြို့သိမ်းတိုက်ပွဲမစတင်မီ ပတ်ဝန်းကျင်က ထိစပ်ဒေသတွေမှာ စစ်ကောင်စီရဲ့ စခန်းငယ်တွေကို ပူးပေါင်းမဟာမိတ်တပ်အဖွဲ့တွေနဲ့ တတ်နိုင်သလောက် ပါဝင်တိုက်ခိုက်နေရပါတယ်”လို့ ဆလိုင်းမင်းတပ်က ဆက်လက်ပြောဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် အားသစ်အင်သစ်နှင့် ပြန်လည်ရုန်းထနိုင်ရန်အတွက် စခန်းသိမ်းတိုက်ပွဲဆင်နွှဲ၍ အောင်ပွဲရရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ စစ်ဦးစီးချုပ်မှ ဦးဆောင်၍ ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။
မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲနှင့် ထိုးစစ်များဆင်နွှဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သော အစိတ်အပိုင်းတစ်ခုအဖြစ် “Project Mindat 2024”ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ပြုလုပ်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့များအနေဖြင့် ထောက်ပို့ကူညီကြရန်လည်းမေတ္တာ ရပ်ခံထားသည်။
ဓာတ်ပုံ- အောင်ပွဲရရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား
#မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ #စခန်းသိမ်းပွဲများဆင်နွှဲနေ နွှဲနေ #ချင်းကာကွယ်ရေးတပ်ဖွဲ့ #ရဲဘော်၄ဦးကျဆုံး #ရဲဘော်တစ်ချို့ဒဏ်ရာရရှိ #Ayeyarwaddy_Times