
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
ပြီးခဲ့တဲ့သုံးလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အောင်မြင်မှုကြောင့် မြန်မာပြည်တွင်းစစ်နဲ့ တိုင်း ပြည်အာဏာခွဲဝေပုံမှာ မဟာဗျူဟာမြောက် အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာပဋိပက္ခမှာ လူအင် အားကလည်း အရေးပါတဲ့ အဓိကအချက်တခု ဖြစ်လာခဲ့ပါတယ်။
တပ်မတော်လို့ ခေါ်ကြတဲ့ မြန်မာစစ်တပ်ကို နိုင်ငံအနှံ့အပြား ဖြန့်ကျက်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ မြန်မာဗိုလ်ချုပ်ကြီးတွေ နားလည်ပြီးသားဖြစ်ပါတယ်။ တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ဆန့်ကျင်သူတွေကြား သပ်လျှိုသွေးခွဲမှု၊ ကောင်းမွန်တဲ့ သတင်းထောက်လှမ်းရေးစနစ်နဲ့ တိုက်ခိုက်ရေးတပ်ရင်း တွေကို လှုပ်ရှားစေတာတွေ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် အောက်တိုဘာလအတွင်း ညီနောင်မဟာမိတ်သုံး ဖွဲ့နဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံအနှံ့က အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နောက်ပိုင်းမှာ အခြား လက်နက်ကိုင်တပ် အဖွဲ့အစည်းတွေ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်ရဲ့ လေလုံးထွားမှုတွေ အလိမ်ပေါ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ကုန်းမြေဧရိယာအကြီးဆုံး တိုင်းပြည်ဖြစ်ပြီး ၆၇၆,၅၃၈ စတုရန်း ကီလိုမီ တာ ကျယ်ဝန်းပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားက တောတောင်ထူထပ်သလို မြစ်ချောင်းအင်းအိုင် တွေ ပေါများပါတယ်။ နယ်စပ်ဒေသတွေမှာ လူဦးရေ နည်းပါးပြီး အမဲလိုက်သူတွေ၊ မှောင်ခိုကူးသူတွေနဲ့ စစ်ဘေး ဒုက္ခသည်တွေသာ နေထိုင်လေ့ရှိပါတယ်။
ဒီလိုကြမ်းတမ်းသော သဘာဝရေမြေအနေအထားတွေဟာ ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံက ဗဟိုအစိုးရတွေ အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေထိန်းချုပ်ဖို့ အဓိ က ဆောင်ရွက်လေ့ရှိတဲ့ မြန်မာစစ်တပ်အတွက် သဘာဝရေမြေအနေအထားက အတော်လေး အခက်တွေ့စေခဲ့ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ နယ်စပ်ဒေသတွေမှာ ပိုပြီး ခက်ခဲလာပါတယ်။
မြန်မာစစ်တပ်မှာ တပ်ဖွဲ့ဝင်အင်အား ဘယ်လောက် ရှိသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပေမယ့် ၁၉၈၀ ပြည့်နှစ်တွေ မတိုင်ခင် အင်အား ၂၀၀၀၀၀ ခန့်သာရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာစစ်တပ်ရဲ့ စစ်အင်အားကို အကြီးအကျယ် တိုးချဲ့နိုင်ခဲ့ပြီး စစ်သည် ၄၀၀၀၀၀ အထိ ရှိလာခဲ့တယ်ဆိုပေမယ့် တိုင်းပြည်တခု လုံးကို ထိန်းချုပ်ထားနိုင်မယ့် စစ်အင်အားမျိုး မရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ အရေအတွက်ထက် အရည်အချင်း ကို ပိုပြီး ဦးစားပေးတဲ့ စစ်တပ်ဖြစ်လာဖို့ လူအင်အားကို လျှော့ချလာပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ပြေးများလာမှု၊ အတိုက်အခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားမှု၊ စစ်မြေပြင်မှာ ထိ ခိုက်သေဆုံးမှု၊ လူသစ်စုဆောင်းရခြင်း လျှော့နည်းလာမှု စတဲ့ အခက်အခဲတွေကြောင့် မြန်မာစစ်တပ်ရဲ့ အင်အား က ပိုပြီး လျော့နည်းသွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလအထိ ခန့်မှန်းချက်တွေအရ မြန်မာစစ်တပ်မှာ တပ်ဖွဲ့ဝင် အင်အား ၁၅၀၀၀၀ ခန့်နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၇၀၀၀၀ ဝန်းကျင်သာ ရှိနိုင်ပါတယ်။
တိုက်ခိုက်ရေး တပ်ရင်းအများစုမှာ လူအင်အား မပြည့်မီဘဲ တချို့တပ်ရင်းတွေဆိုရင် ဖွဲ့စည်းပုံအရ စစ်သည် ၇၅၀ ဦး ရှိရမယ့်အစား ၁၅၀ အောက်အထိ လျော့နည်းနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်အ ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ တပ်ရင်းတရင်းဆိုရင် တပ်ဖွဲ့ဝင်အင်အား ၁၂၇ ဦးသာ ရှိပါတယ်။ အလားတူ လက်နက်ချတဲ့ မြန်မာစစ်တပ်ရဲ့ နောက်ထပ် တပ်ရင်းတရင်းမှာ တပ်ဖွဲ့ဝင်အင်အား ၄၁ ဦးသာ ရှိတာ ပါ။
စစ်တပ်အာဏာ မသိမ်းခင်ကပင် မြန်မာစစ်တပ်စာ အင်အားလိုအပ်ချက်တွေကြောင့် တိုင်းပြည်အနှံ့အပြား နိုင်နိုင် နင်းနင်း ထိန်းချုပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။ မြန်မာစစ်တပ်က ခြေမြန်တပ်မကြီး ၁၀ ခုလိုမျိုး လှုပ်ရှားတပ်တွေကို သာ လိုအပ်တဲ့နေရာဆီ မြန်မြန်ရောက်အောင် ပို့ဆောင်လေ့ရှိပါတယ်။ ရဲတပ်ဖွဲ့ မထိန်းချုပ်နိုင်တဲ့ လူထုအုံကြွမှု တွေကို နှိမ်နင်းဖို့ အဲဒီခြေမြန်တပ်မတွေကိုပဲ အသုံးပြုခဲ့ရပြီး ၂၀၁၆-၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးမှာလည်း အဆိုပါ တပ်မတွေကို နယ်မြေရှင်းလင်းရေးတာဝန်တွေ ပေးခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေမှာ တပ်ဖွဲ့ဝင်အများအပြားနဲ့ ပြည်ပမှဝယ်ယူတဲ့ စစ် လက်နက်တွေကို စီမံခန့်ခွဲဖို့ စစ်ဘက်အခြေစိုက်စခန်းတွေ၊ လေယာဉ်ကွင်းတွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အ ဆောက်အဦးတွေ တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။ အဆိုပါစစ်ဘက်အခြေစိုက်စခန်းတွေ၊ လေယာဉ်ကွင်းတွေကို နိုင် ငံအနှံ့ မဟာဗျူဟာကျကျ ဖြန့်ကျက်ထားပြီး အများအားဖြင့် ဗမာအများစု နေထိုင်ရာ အလယ်ပိုင်းဒေသမှာ ပိုပြီး အခြေစိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ရန်ကနေ ကာကွယ်ထားပြီး ပြည်မမှာပဲ တပ်စခန်းတွေကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ပါ တယ်။
ပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေတွေနဲ့ကပ်လျက် ခပ်သေးသေး တပ်စခန်းတွေနဲ့ ခံစစ်စခန်းတွေကိုလည်း တည် ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် အခိုင်အမာ ခံစစ်စခန်းကြီးတွေမှာတောင် လက်နက်အပြည့်အစုံနဲ့၊ လက်နက် ကောင်းစွာတပ်ဆင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုခံရရင် ပြန်လည်ခုခံနိုင်ဖို့ လိုအပ် တဲ့ လူအင်အားနဲ့ လက်နက်ကြီးပစ်ကူတွေ မရှိပါဘူး။
အောက်တိုဘာလနှောင်းပိုင်းကတည်းက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၀၀ ကျော် အသိမ်းခံခဲ့ရပြီး ၁၀၂၇ စစ် ဆင်ရေး စတင်ပြီးနောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက အဓိက စစ်ကောင်စီစခန်း ၄ ခုထက်မနည်းနဲ့ မြို့တွေကို လည်း သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
မြန်မာနဲ့တရုတ်ကြား ဆက်သွယ်ရေး အဓိက လမ်းကြောင်းတွေကို ဖြတ် တောက်ပစ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။
တစ်ချိန်တည်းမှာ မြန်မာစစ်တပ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး KIA၊ KNLA၊ CNA နဲ့ KA တို့လို တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက သက်ဆိုင်ရာဒေသအသီးသီးမှာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပါ တယ်။ NUG ရဲ့ PDF တပ်ဖွဲ့တွေလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက် နေပါတယ်။
တပ်အင်အား နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ဖြန့်ကျက်ထားရတာ၊ တချိန်တည်းမှာ စစ်မျက်နှာပြင်တခုထက် ပိုပြီး တိုက်ခိုက်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ကောင်းကောင်း သိပါတယ်။ မြန်မာဗိုလ်ချုပ် ကြီးတွေကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးအရ ကွဲပြားနေ တုန်းဆိုရင် တောင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအရတော့ မကြံစဖူးအခြေအနေထိ ရှိလာနေပါပြီ။
ဆန့်ကျင်သူတွေကို ဖြိုခွင်းဖို့ စစ်တပ်တခုက အင်အား ဆယ်ဆ ဒါမှမဟုတ် ဆယ့်ငါးဆအထိပင် လိုအပ်ကြောင်း ကမ္ဘာတဝှမ်းလုံး စစ်ရေးကျွမ်းကျင်သူတွေ ဟိုးအရင်တည်းက သတ်မှတ်ထားခဲ့ကြပါတယ်။ စစ်ကောင်စီမှာ သူတို့ ကို ဘက်ပေါင်းစုံ နေရာပေါင်းစုံကနေ ဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့အမျိုးမျိုးကို ထိထိရောက်ရောက် ဆင်နွှဲဖို့ အင်အားမရှိတော့တာ သေချာနေပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှာ အင်အား ၄၅၀၀၀ မှ ၅၀၀၀၀ ခန့်၊ KIA နဲ့ KNLA ပေါင်းရင် တိုက်ပွဲဝင်အင်အား ချည်း ၂၀၀၀၀၊ KA နဲ့ CNA မှာ တိုက်ပွဲဝင်အင်အား ၂၅၀၀ ခန့်ရှိတာကြောင့် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေး အင် အားကို ပုခုံးချင်းယှဉ်နိုင်နေပါပြီ။ ဒါ့အပြင် PDF တပ်ဖွဲ့ဝင် ၆၅၀၀၀ နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀၀၀၀ နီးပါး ရှိဦးမယ်လို့ ယုံဆရပါတယ်။
တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့တွေဘက်မှာ စုစုပေါင်း တိုက်ပွဲဝင်အင်အား ၈၀၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ မြန်မာ့ အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ပွဲ ဝင်နိုင်မယ့် အခြေအနေ မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။
စစ်မှုထမ်းဟောင်းတွေ၊ ပြည်သူ့စစ်တွေ၊၊ တပ်မိသားစုဝင်တွေနဲ့ တခြား စစ်တပ်ထောက်ခံသူတွေ ထည့်တွက်ရင် တောင် စစ်ကောင်စီမှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ့် အင်အားမျိုး တပ်မတော်အနေနဲ့ မရရှိနိုင်သေးပါဘူး။ ရွှေ့လျားတပ်ဖွဲ့တွေကို တနေရာကို ဖြန့်ကြက်လိုက်ရင် ကျန်နေရာတွေမှာ သိသိသာသာ အားနည်းသွားပါလိမ့် မယ်။ လေကြောင်းအင်အား၊ လက်နက်ကြီးပစ်ကူနဲ့ သံချပ်ကာယာဉ်တွေက စစ်ကောင်စီရဲ့ အားသာချက် ဆိုပေ မယ့် အဆုံးသတ်မှာတော့ မြေပြင်တပ်ဖွဲ့တွေကသာ နယ်မြေ သိမ်းပိုက်ပြီး ပြည်သူလူထုကို အုပ်ချုပ်ကြရတာပါ။
စစ်ကောင်စီက တပ်ဖွဲ့တွေကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ လူဦးရေထူထပ်ပြီး စီးပွားရေးအရ အရေးပါတဲ့ အချက်အ ချာနေရာတွေဆီ ပြန်လည် ဆုတ်ခွာစုဖွဲ့စေလိမ့်မယ်လို့ လေ့လာသူအချို့က ခန့်မှန်းပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ အတွက် ဒီလိုမျိုး ဆုံးဖြတ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် အကြပ်အတည်းက လွတ်အောင် ဒီလိုမျိုး ဆုံးဖြတ်ဖို့ လိုအပ်ရင် လိုအပ်လာနိုင်ပါတယ်။ အခုလိုမျိုး မြို့ကြီးပြကြီးတွေဆီ ဆုတ်ခွာပေးရတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
စစ်ကောင်စီ ရှင်သန်နိုင်ဖို့ အရေးကြီးဆုံးအချက်က လက်အောက်ခံ တပ်ဖွဲ့တွေ သစ္စာရှိရှိနဲ့ စည်းလုံးညီညွတ် မှုရှိဖို့ ပါ။ ဒါပေမယ့် မြန်မာစစ်တပ်တွင်း ဖိအားများနေပြီး စိတ်ဓါတ်ကျဆင်းနေတာကို ထင်ထင်ရှားရှား မြင်တွေ့ရပါ တယ်။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီ ပြိုလဲသွားလောက်တဲ့ တပ်တွင်း စည်းလုံးညီညွတ်မှု ပြိုကွဲသွားတာမျိုး တော့ မတွေ့ရသေးပါဘူး။
တော်လှန်ရေးအဖွဲ့တွေက မျက်နှာစာပေါင်းစုံမှာ စစ်မျက်နှာဖွင့်လာခြင်းက စစ်ကောင်စီအတွက် အာဏာသိမ်းပြီး သုံးနှစ်အတွင်း အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင် ငံမှာ ဗဟိုအစိုးရတစ်ရပ် ရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်အရှိဆုံး အခြေအနေဖြစ်နိုင်ပါတယ်။ တချို့ ပညာရှင်တွေက တော့ စစ်ကောင်စီအလွန် နိုင်ငံအုပ်ချုပ်ရေးအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပြီး ဖြစ်နိုင်ရင် ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်ဖို့လိုတယ်လို့ ပြောကြပါတယ်။
သို့သော်လည်း စစ်ဗိုလ်ချုပ်ကြီးတွေ ကျဆုံးခန်းရောက်ပြီလို့ပြောဖို့တော့ စောလွန်းနေပါသေးတယ်။ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောခဲ့သလို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ချောင်ပိတ်မိနေပြီး သူတို့မှာ ပြေးစ ရာမြေ မရှိပါဘူး။ စစ်ကောင်စီက အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းလိုပုံမပေါ်ဘဲ အဆုံးထိ တိုက်ခိုက်သွားဖို့ မျှော် မှန်းရပါတယ်။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ရေးအောင်ပွဲကသာ တစ်ခု တည်းသောရလဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်တွင်းစစ်မီး မငြိမ်းခင် တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပြည် သူတွေဟာလည်း ဆင်းရဲဒုက္ခတွေကို ဆက်ကြုံနေရမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်က The Strategist ဝဘ်ဆိုဒ်တွင် ဖော်ပြထားတဲ့ ဆောင်းပါးရှင် Andrew Selth ရဲ့ “Military manpower has become a critical factor for Myanmar’s junta” ကို ဆီလျော်အောင် ဘာသာပြန်ထားပါ သည်။