ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ပို့ကုန် တင်ပို့သူများသည် မြန်မာပြည်ရှိပို့ကုန်တင်ပို့သူ၏ နိုင်ငံခြားငွေစာရင်းထဲသို့ နိုင်ငံခြားငွေပြန်လည် ထည့်သွင်းပေးရမည့်ရက်ကို လျော့ချသတ်မှတ်လိုက်ပြီး ပို့ကုန်ရငွေများကို မပျက်မကွက် တင်သွင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟို ဘဏ်က ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခင်က အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်အတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်း ပိုကုန်တင်သွင်းသူ၏ ဘဏ်စာရင်းအတွင်း ပေးသွင်းရမည်ဖြစ်သော်လည်း ယခုအခါ ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပေးသွင်းရမည်ဟု ၁၅ ရက်စော၍ ပေးသွင်းရန် ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာရှနိုင်ငံများမှလွဲ၍ အခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်ရငွေများ ပြန်လွဲရမည့် ရက်ကို ယခင်က ရက်ပေါင်း ၉၀ အတွင်းသတ်မှတ်ခဲ့သော်လည်း ယခုအခါ ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပေးသွင်းရမည်ဟု ရက်ပေါင်း ၃၀ စော၍ ပေးသွင်းရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ မနက်ကထုတ်တဲ့ ထုတ်ပြန်ချက်မရတော့ ပိုခက်သွားတာပေါ့။ export သမားက ဟိုဘက်ကငွေ မသေချာဘူးဆိုရင် ပစ္စည်းသင်္ဘောမတင်ရဲတော့ဘူး။ များသော အားဖြင့် စင်ကာပူတို့ ဘာတို့က အဲဒီလိုပဲလွဲပြီးလုပ်ကြတာပဲ။ ကိုယ့်ပိုက်ဆံကိုယ် ပြန်လွှဲတာ ကုန်သည်ဆီက ရတာမဟုတ်ဘူး။ ဥပမာ-ကိုယ်ပဲ ပဲပို့၊ ကိုယ်ပဲ ပိုက်ဆံပြန်လွှဲ လုပ်ကြရတာ” ဟု Export/ Import ကျွမ်းကျင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ပို့ကုန်ရငွေ ( Export Earnings) ပြန်မသွင်းသည့် ကုမ္ပဏီ ၁၀၀ ကျော် အရေးယူခံထားရပြီး တချို့ကုမ္ပဏီများက ကုမ္ပဏီ လေး ငါးခု ဖွင့်ထားကာ တစ်ခုအပိတ်ခံရပါက အခြားတစ်ခုဖြင့် လှည့်ပတ်အသုံးပြုနေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို အလုပ်လုပ်ရက် တစ်ရက်အတွင်း သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွင် ဗဟိုဘဏ်သတ်မှတ် ငွေလဲလှယ်နှုန်း ကျပ်ငွေ လဲလှယ် ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ရငွေ ဝင်ရောက်ပြီးတစ်လအတွင်း ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင် ကိုယ်တိုင်သုံးစွဲနိုင်ပြီး ကျန် ၃၅ ရာခိုင်နှုန်းထဲမှ ၇၀ ရာခိုင်နှုန်းကို ဒေါ်လာပြင်ပပေါက်ဈေးအတိုင်းရောင်းချနိုင်ပြီး ၃၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ငွေလွဲနှုန်း ဖြင့်ရောင်းချရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ပို့ကုန် #နိုင်ငံခြားငွေများ #စောစောရောက်ရှိရန် #ဗဟိုဘဏ်တင်းကျပ် #Ayeyarwaddy_Times