ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

နိုင်ငံခြားငွေ လိုအပ်နေသည့် စစ်ကောင်စီက နိုင်ငံခြားငွေ သုံးစွဲရေးနှင့် ပတ်သက်ပြီး ချုပ်ကိုင်ထားချိန် နိုင်ငံခြားငွေဖြင့်ဝယ်ယူရသည့် ပြည်တွင်းလို အပ်ချက် အများဆုံး ဖြစ်သော စက်သုံးဆီကဏ္ဍတွင် မတည်မငြိမ်ဖြစ်ပေါ်ကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ယခုဒီဇင်ဘာ တစ်လလုံးနီးပါး စက်သုံးဆီပြတ်လပ် မှုကြုံ တွေ့ခဲ့ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းသော စက်သုံးဆီသည် ရန်ကုန်မြို့နှင့်မြို့နယ် အများအပြားတွင် ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဆီဈေးရုတ်တရက်မြင့်တက်သွားပြီး အောက်တိန်း ၉၂ ၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ်၊ ဒီဇယ်ဆီအမျိုး အစားများပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂,၅၁၀ မှ ၂,၅၆၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂,၆၄၀ မှ ၂,၆၆၀ ကျပ်၊ ပရီမံယံဒီဇယ် တစ်လီတာလျှင် ၂,၃၁၀ ကျပ်မှ ၂,၄၇၅ ကျပ် နှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၂,၃၀၅ မှ ၂,၄၇၅ ကျပ်ဝန်းကျင်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်အပြင် အခြားမြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး မော်တော် ယာဉ်များ ၊ ဆိုင်ကယ်များဖြင့် တန်းစီး စောင့်ဆိုင်းဝယ်ယူရဆဲဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့ကြီးတွင် စက်သုံးဆီဝယ်ယူရာ၌ လက်လီ ဆီဆိုင်များက ဆီအမျိုး အစားအားလုံး ကိုရောင်းချပေးခြင်းမရှိဘဲ အောက်တိန်းရသည့်ဆိုင်တွင် ဒီဇယ်ဝယ်ယူ၍ မရသလို့ ဒီဇယ်ရသည့်ဆိုင်တွင်အောက်တိန်း မရရှိကြောင်း ရန်ကုန်မြို့ခံများ ထံက သိရသည်။

“ ဒီရက်ပိုင်း ဆီလွယ်လွယ်ဝယ်မရဘူး။ တချို့ဆိုင်တွေတော့ ပြန်ပေးနေပြီ။ တချို့ဆိုင်က ၉၂ ရတယ်။ တချို့ဆိုင်မှာ ၉၅ ပဲရတယ်။ ဆိုင်တိုင်းအကုန်ရတာတော့မဟုတ်သေးဘူး။ အဲဒီတော့ရှိတဲ့ဆိုင်ရှာထည့်ရတယ်။ တချို့ဆိုင်မှာ တန်းစီးနေရတုန်းပဲ” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယခု ဒီဇင်ဘာလ အစပိုင်းက ရန်ကုန်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ဆီအရောင်းဆိုင်များရှေ့တွင် မော်တော်ယာဉ်များစွာ တန်းစီစောင့်ဆိုင်းနေရပြီး ညအိပ် စောင့်ဆိုင်းရသည့် အထိဖြစ်ပေါ်ခဲ့သည်။

ထိုသို့ စက်သုံးဆီရှားပါးမှုကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်သုံးဆီ အခက်အခဲများဖြစ်ပေါ်ခဲ့ကာ လုပ်ငန်းသုံးရန်အတွက် တစ်ပိုင်တနိုင် ဆီဝယ်ယူ ထားသူများကို တရားမဝင်စက်သုံးဆီရောင်းချသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ထို့ပြင်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရှမ်းမြောက်၊ ကချင်၊ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ဈေးမြင့်တက်လျက်ရှိကာ စစ်သုံးဆီရှားပါး လျက် ရှိကြောင်း ဒေသခံများ ထံက သိရသည်။

လာမည့်နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧကနှင့် ရေကျနောက်စိုက်ခင်းများ ထွန်ယက်စိုက်ပျိုးရေးအတွက်လိုအပ်သော စက်သုံးဆီဝယ်ယူနိုင်ရန် တစ်ဧကလျှင် ဒီဇယ် လေးဂါလံနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းထံက သိရသည်။

စစ်ကောင်စီသည် စက်သုံးဆီဝယ်ယူရေးအတွက်လိုအပ်သော နိုင်ငံခြားငွေကို လယ်ယာထွက်ကုန်များမှရရှိသော ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် သက်မှတ်ထားသည့် ဘဏ်များတွင် လဲလှယ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်
#စက်သုံးဆီပြတ်လပ် #တစ်လနီးပါးကြာရှိ #ရန်ကုန်အပါအဝင်မြို့ကြီးများ #Ayeyarwaddy_Times