
ဧရာဝတီတိုင်းမ်
(အရာတော်)၊ ဒီဇင်ဘာ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သား၊ ရဲအင်အား ၃၂ ဦးဖြင့် တပ်စွဲထားသည့် နောင်ကြီးအိုင်ရဲစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုအခါ စစ်ရေးဖိအားများကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားကာ တိုက်ပွဲကာလတစ်လျှောက်တွင် စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“အဲ့ဒီရဲစခန်းက အရင်ကပဲ တိုက်ရတာ။ အခုက မတိုက်ရပဲ သူတို့ဘာသာ စခန်းစွန့်သွားတာ။ ကျွန်တော်တို့ အရင်ကတည်းက ခဏ ခဏဝင်သိမ်းတယ်။ သူတို့က လေယာဉ်ပစ်ကူလာတော့ မသိမ်းနိုင်တာပါ။ အဲ့ဒါနဲ့ စခန်းဘေးမှာ ဝိုင်းထားပြီး ၂၄ နာရီ ကင်းစောင့်နေကြတာ။ မြေပြင်စစ်ကူကမလာဘူး။ စစ်ကောင်စီတပ်က စခန်းစွန့်ခွာခါနီးမှ မြေပြင်ကနေ စစ်ကြောင်း လာပေါင်းတယ်။ သူတို့ကို လာခေါ်တဲ့ သဘောပေါ့” ဟု အရာတော်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ တပ်သားများသည် အဆိုပါ နောင်ကြီးအောင်ရဲစခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ တပ်စွဲနေထိုင်ခဲ့ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောင်ကြီးအိုင်ရဲစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ်မြို့နယ်(ပကဖ) တိုက်နယ် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈ တာဝန်ခံများ နှင့် ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း ၆၊၁၈၊၁၉၊၂၄၊၂၆ တပ်ရင်းမှ ရဲဘော်များက ပူးပေါင်းကာ နေ့စဉ် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – NUG၊ MOD
#အရာတော် #နောင်ကြီးအိုင်ရဲစခန်း #စစ်ကောင်စီစခန်းစွန့်ခွာထွက်ပြေး #PDF #ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် #Ayeyarwaddy_Times