
ဧရာဝတီတိုင်းမ်
(ခါမ်းပါတ်)၊ ဒီဇင်ဘာ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ဒေသခံပြည်သူထောင် ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံများသည် မြို့ထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ပြီဖြစ်ကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ဒီဇင်ဘာ ၂၀ ရက်နေ့လောက်မှာ ဒေသခံတွေ မြို့ထဲကို ပြန်ဝင်နိုင်ကြပြီ။ စစ်ကောင်စီရဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေလည်း စိတ်ဒဏ်ရာတွေအများကြီးရကြမှာပေါ့နော်။ ဒါပေမယ့် ကိုယ့်မြို့၊ ကိုယ့်အိမ်မှာ လာပြီးတော့ နေနိုင်တာက စစ်ဘေးရှောင်တာထက် အခြေအနေကတော့ သာမယ်လို့ ထင်ပါတယ်။ နေအိမ်တွေ ပျက်စီးသွားတဲ့ ပြည်သူတွေအတွက်တော့ အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ ပြောခွင့်ရ ဆလိုင်းဗန်ကီးယိုက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ခါမ်းပါတ်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကြောင်းပျက်၍ ထွက်ပြေးခဲ့ကြပြီး နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ အလောင်း ၁၀ လောင်းခန့် တွေ့ရှိခဲ့ကြောင်းသိရသည်။
ခါမ်းပါတ်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တမူးခရိုင် တပ်ရင်း-၂ ၊ စစ်ဒေသအထူးတပ်ရင်း-၂၊ အမှတ်(၁) စစ်ဒေသလက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲ ရေးအဖွဲ့၊ CNDF၊ TDA၊ RKDFနှင့် KNA-Burmaတို့က ပူးပေါင်းသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထပ်မံချေမှုန်းကာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
#ခမ်းပတ်မြို့ #ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #မြို့အလုံးစုံပြန်လည်ထိန်းချုပ် #စစ်ဘေးရှောင်များနေရပ်ပြန်လည်နေထိုင်