
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပြီးနောက်တွင် တပ်ရင်းအလိုက် လက်နက်ချအညံ့ခံလာမှုများပြားလာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀၀ ကျော် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) သမ္မတရုံးထံက သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းအလိုက် လက်နက်ချမှုများအပြင် CDM ပြုလုပ်လာသူအရေအတွက်မှာလည်း ပိုမိုများပြားလာကာ နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လတာအတွင်း CDM ပြုလုပ်သူဦးရေ ၁၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့ထံက သိရသည်။
“အခု ‘1027 operation’ စပြီးတဲ့ အချိန်မှာ စစ်တပ်ကနေ အလင်း၀င်လာတဲ့ စစ်သားတွေ၊ အရာရှိတွေ တပ်ရင်းအလိုက်တွေ ဖြစ်လာကြတယ်။ ၁၀၂၇ နောက်ပိုင်းမှာပဲ စစ်တပ်တို့ ရဲတို့ ၆၀၀ ကျော် အလင်း၀င်လာပြီး ပြည်သူတွေဘက်ကို ဘက်ပြောင်း လာတာတွေ ရှိပါတယ်။ နွေဦးတော်လှန်ရေးစတဲ့ အချိန်ကစပြီးတော့ဆိုရင် Register လုပ်ထားတဲ့စာရင်းအရဆိုရင် သောင်းနဲ့ချီရှိနေပြီ။ ဒီထက်မကတဲ့ စစ်သား၊အရာရှိ၊ အရာခံတွေကလည်း တပ်ကနေထွက်ပြေးတာ ထောင်နဲ့သောင်းနဲ့ချီ ရှိနိုင်ပါတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်သွယ်ကာ CDM ပြုလုပ်လာသူ၊ တိုက်ပွဲအတွင်း အလံဖြူထောင်ကာ လက်နက်ချအညံခံလာသူများ၊ တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများဟူ၍ ခွဲခြားကာ သက်ဆိုင်ရာ အခွင့်အရေးများကို ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
CDM ပြုလုပ်ကာ ပြည်သူဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနှင့် နိုင်ငံ့ဝန်ထမ်း လုပ်သက်အကျိုးခံစားခွင့်များ၊ ပင်စင်ခံစားခွင့်များ ဆက်လက်ရရှိမည် ဖြစ်ပြီး တိုက်ပွဲအတွင်း အလံဖြူထောင်ကာ လက်နက်ချအညံ့ခံသူများကိုမူ နေရပ် ပြန်ချင်သူများအတွက် ငွေကြေးအကူအညီပေးအပ်ချင်းများ ရှိပြီး ပြည်သူဘက်သို့ ပြောင်းလဲကာ နေချင်ပါက နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
“ကျွတော်တို့ အမြဲပြောပါတယ်။ စစ်တပ်ဘက်က အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ နဲ့ ရဲတပ်ဖွဲ့၀င်တွေ CDM လုပ်ကြပါ။ မတက်သာလို့ CDM မလုပ်နိုင်ဘူးဆိုရင်လည်း အကြမ်းဖက် စစ်ဗိုလ်ချုပ် အာဏာရူး လက်တဆုပ်စာလူတွေအတွက် အသက် အသေခံမယ့်အစား အလံဖြူထောင်ပြီးတော့ လက်နက်ချလိုက် အလင်း၀င်လိုက်ပါ။ ပြည်သူ့ဘက်ကိုပြောင်းလိုက်ပါ။ သမ္မတကြီးကိုယ်တိုင်လည်း ပြောထားတယ်။ ဘက်ပြောင်းကြပါ။ ပြည်သူတွေဘက်ကိုအမြန်ပြောင်းကြဖို့ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေဘက်ကနွေးနွေးထွေးထွေးကြိုဆိုနေပါတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုသည်။
ထို့ပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို Geneva convention (ဂျနီဗာကွန်ဗင်းရှင်း) နှင့်အညီ စစ်သုံ့ပန်းဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူသားချင်စာနာမှု အထောက်အကူများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ယခုအချိန်အထိ မြန်မာနိုင်ငံဒေသအသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များထံ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲ အရေအတွက် ၁၅,၀၀၀ ဝန်းကျင်ရှိပြီဖြစ်ကာ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ – KNU ၊ KNDF
ပုံစာ – CDM ပြုလုပ်လာသူများ၊ လက်နက်ချအညံ့ခံလာသူများ၊ စစ်သုံ့ပန်းများ
#စစ်သုံ့ပန်း #CDMပြုလုပ်လာသူ #၁၀၂၇စစ်ဆင်ရေး #စစ်ကောင်စီတပ်ဖွဲ့ဝင်၆၀၀ကျော် #လက်နက်ချအညံ့ခံ #Ayeyarwaddy_Times