ဧရာ၀တီတိုင်းမ်
(မြရာ)၊ ဒီဇင်ဘာ ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို လက်လွတ်မဆုံးရှုံးစေရန် စစ်ကောင်စီ တပ်က ကလောအခြေစိုက် တပ်မ ၅၅ ကိုတာ၀န်ပေးအပ်၍ လက်အောက်ခံတပ်များကို ‌စစ်ကူစေလွှတ်ခဲ့ရာ ရက်ပိုင်းအတွင်း ညီနောင်မဟာမိတ်ထံလက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ်အတွင်းက တိုက်ပွဲပြင်းထန်နေသည့် လောက်ကိုင်မြို့ ကို စစ်ကောင်စီ တပ်က လေ ကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး လေကြောင်းမှတစ်ဆင့် တပ်အင်အားအများအပြားကိုလည်း ပို့‌ဆောင် နေကြောင်း ရှမ်း မြောက်ရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်က အဆိုပါလောက်ကိုင်မြို့ကို မကျစေရေးအတွက် အပြင်းအထန် ကာကွယ် အင်အားသုံး တိုက်ခိုက်နေပြီး ကလောအခြေစိုက် တပ်မ(၅၅) ကို အဓိကတာ၀န်ပေး၍ ကိုင်တွယ်စေကာ ၎င်းလက် အောက်ခံတပ်ရင်းများကိုလည်း တပ်ကူအနေဖြင့် နေ့ စဉ် စေလွှတ်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“၅၅ အောက်ကတပ်ရင်းတွေကို လောက်ကိုင်ပို့ထား တယ်။ လက်အောက်ခံ ၁၁၂ က ခလရ-၃ နဲ့ ၇ တပ်တွေ၊ ပြီးတော့ တီကျစ်တပ်ရော။ တပ်ထဲတော့ အလင်း ၀င်တယ်မပြောဘူး ပျောက်နေတယ်ပဲပြောထားတာ။ မြို့ မကျစေဖို့ တပ်အင်အားတွေကို တအားပို့ပြီးတိုက်နေတာ။ ထောင်ကထုတ်ထားတဲ့ကောင်တွေ ရောပဲ” ဟု အလယ်ပိုင်း တိုင်းရှိ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့က လောက်ကိုင်မြို့ ရှိ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်း ပြည်သူ့စစ်စခန်းများကို MNDAA က၀င်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ယင်း တပ်မ ၅၅ လက် အောက်ခံတပ်ရင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းခန့် သည် လက်နက်ချအညံ့ခံ ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိခဲ့သည့် ကွမ်ယင် တောင်စစ်စခန်းသည် လောက်ကိုင်ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နှင့်အလွန်နီးကပ်ကြောင်း MNDAA နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

ယင်းသို့ လက်နက်ချအညံ့ခံသည့် သတင်းဓာတ်ပုံဗီဒီယိုဖိုင်များကို စစ်တပ်ဝါဒဖြန့် ချန်နယ်များတွင်မူ ပုံဟောင်းများကိုသာ အသုံးပြုထားခြင်းဖြစ်ပြီး အမှန် တကယ် မဟုတ်ကြောင်း ရေးသားဖော်ပြထားကြပြီး သက်သေနှင့်တကွ ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ တပ်မ(၅၅) သည် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေအတွင်းရှိ ကလော အခြေစိုက် ခြေမြန် တပ်မဌာနချုပ်ဖြစ်ပြီး ‌ဗိုလ်မှူးချုပ်အေးခိုင်ဦးစီးသည့် တပ်မဖြစ်ကာ ကာကွယ်ရေး၀န်ကြီးဌာန ကြည်းစစ်ဆင်ရေးမှ တိုက်ရိုက်ကွပ်ကဲစီမံသည့် တိုက်ခိုက်ရေး တပ်ဖြစ်သည်။

အလားတူ တီကျစ်အခြေစိုက် ခလရ ၅၁၁ သည် တပ်မ ၅၅ လက်အောက်ခံတပ်ဖြစ်ပြီး ခလရ ၁၁၂၊ ခလရ ၃ နှင့် ခလရ ၇ တို့ကိုလည်း လောက်ကိုင်မြို့ကို စစ်ကူလွှတ် ထားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ရှမ်းမြောက် #လောက်ကိုင် #တပ်မ၅၅ #စစ်ကူပို့အညံ့ခံ #ညီနောင်မဟာမိတ် #Ayeyarwaddy_Times