ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဒီဇင်ဘာ ၂၄ ရက်

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ရွာလေးရွာ သိမ်ဇရပ် အခြေစိုက် အမြောက်တပ် အမတ-၃၁၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦးကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ‌နံနက် ၁၁ နာရီဝန်းကျင်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သိမ်ဇရပ်အခြေစိုက် အမတ-၃၁၀ တပ်ရင်းမှ တပ်ကြပ်တင်မောင်အေးအပါအဝင် တပ်ဖွဲ့ဝင် လေးဦးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ် ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်ပျူစောထီးတပ်ဖွဲ့ဝင် အာကာ ဆိုသူမှာ ဒဏ်ရာပြင်းထန်၍ ပဲခူးဆေးရုံသို့ ပိုဆောင်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။

“တိုက်ခိုက်မှုမှာ တင်မောင်အေးက လွတ်မြောက်ခဲ့တယ်။ သူက ကားရပ်ထားတဲ့ လမ်းဘေးရေမြောင်းထဲကို ခုန်ချပြီး အကာကွယ်ယူ ပြန်ပစ်ခဲ့တာ။ တင်မောင်အေးကို လုပ်ကြံတာ လေးခါရှိပြီ။ အခုလည်း သူကမသေ‌ဘဲ သူ့တပည့် ပျူသတင်းပေးနဲ့ တပ်သား‌တွေ သေသွားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တပ်ကြပ်တင်မောင်အေးသည် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံအဟောင်းမှ ပစ္စည်းများကိုထုတ်ယူရောင်းစားခြင်း၊ တရားမဝင်လောင်းကစားဝိုင်းများကို ဆက်ကြေး ယူကာဖွင့်ခွင့်ပေးထားခြင်း၊ ဒေသခံများကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခြင်းများအပြင် ၎င်း၏ ရိုက်နှက်နှိပ်စက် စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရသူများ လည်း ရှိကြောင်းသိရသည်။

အဆိုပါတပ်ကြပ် တင်မောင်အေးကို လုပ်ကြံခြင်းသည် ယခုအကြိမ် အပါအဝင် လေးကြိမ်မြောက်လုပ်ကြံခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ပစ္စတိုဖြင့်ပစ်ခတ်ခြင်း၊ ဒုတိယအကြိမ်တွင် ကားမိုင်းဆွဲခြင်း၊ တတိယအကြိမ်တွင်လည်း စစ်ဆေးရေးဂိတ်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – တပ်ကြပ်တင်မောင်အေး။

#သိမ်ဇရပ် #တပ်ကြပ်တင်မောင်အေး #အမတ၃၁၀ #ပစ်ခတ်ခံရ #စစ်ကောင်စီတပ်သား၃ဦးသေဆုံး #Ayeyarwaddy_Times