ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လေးဦးသည် ချင်းလဲန်းကာကွယ်ရေးတပ်-ပလက်ဝ (CDF-ပလက်ဝ)ထံ လက်နက်ခဲယမ်းအပြည့် အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဆမီးမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရဲစခန်းမှ တပ်ကြပ် နှစ်ဦး၊ ဒုတပ်ကြပ် တစ်ဦး နှင့် တပ်သား တစ်ဦးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ၎င်းတို့၏ G-3 သေနတ် သုံးလက်၊ ၎င်းကျည်ဘောက် ခုနစ်ခု နှင့် ၎င်းကျည်ဆံ ၄၈၀ တောင့်၊ BA-94 သေနတ် တစ်လက်၊ ၎င်းကျည်ဘောက်နှစ်ခုနှင့် ၎င်းကျည်ဆံ ၂၀၀ တောင့်တို့ကို ယူဆောင်၍ အလင်း ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကျွန်တော်တို့ဘက်က ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ စစ်သားနဲ့ ရဲတွေကို အလင်းဝင် လာကြဖို့ နိုဝင်ဘာ နောက်ဆုံးအပတ်က အထူးကြေညာချက် ထုတ်ပြန်ထားပါတယ်။ အလင်းဝင်လာချင်တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့တွေက လက်နက်ပါပါ မပါပါ ဆက်သွယ်လာရင် သူတို့ရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင် ပေးပါတယ်။ နောက်ထပ် ပြည်သူနဲ့ပူးပေါင်းပြီး အလင်းဝင်ရန် ဆက်သွယ်လာတဲ့ ရဲနဲ့ စစ်သားတွေ ရှိပါသေးတယ်” ဟု CDF(ပလက်ဝ)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်းဝင်လာကြသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဆုငွေများ ချီးမြင့်ပေးအပ်ခဲ့ပြီး ဘေးကင်းလုံ ခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆမီးမြို့ ရဲစခန်းမှ CDF ပလက်ဝထံ အလင်းဝင်လာကြသည့် ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးခန့်ရှိပြီး ထပ်မံ၍ အလင်းဝင်ရောက်ရန် ဆက်သွယ်လာသူများလည်း ကျန်ရှိနေ သေးကြောင်း CDF(ပလက်ဝ)တာဝန်ရှိသူထံက သိရသည်။

စစ်ကောင်စီက စစ်ကောင်စီတပ်မှ ခွင့်မဲ့စစ်ပြေး စစ်သည်များသည် ရှေ့တန်းတွင် တာဝန် ထမ်းဆောင်ရန် အတွက် ဆက်သွယ်မူများရှိလာသောကြောင့် ပြန်လည်လက်ခံ သွားမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ ထုတ်ပြန်ထားသော်လည်း ယခု ဒီဇင်ဘာလအတွင်း ပလက်ဝ မြို့နယ်တွင် တာဝန်ထမ်း ဆောင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးခန့်သည် ယခု CDF(ပလက်ဝ)ထံ အလင်းဝင်ရောက်ခဲ့ပြီး လက်ရှိ ပလက်ဝရဲစခန်း တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထွက်ပြေးသွားကြောင်း သိရသည်။

ဓာတ်ပုံ- အလင်းဝင်လာကြသည့် ရဲတပ်ဖွဲ့ လေးဦးနှင့်အတူ ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဋ္ဌ တို့ကိုတွေ့ရစဉ်

#ချင်းပြည်နယ် #ပလက်ဝမြို့ #ဆမီးမြို့သစ် #ရဲတပ်ဖွဲ့ဝင်များ #CDFပလက်ဝ #လက်နက်အပြည့်အစုံအလင်းဝင် #Ayarwaddy_Time