ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

ဧရာဝတီတိုင်း၊ပုသိမ်မြို့ရှိ ရွှေမုဌောဘုရားအတွက် ရွှေသင်္ကန်းကပ်လှူရန်ဟုဆိုကာ မြို့တွင်းရှိအလှုရှင်များထံမှ ဘုရားဂေါပကအဖွဲ့က အလှူခံထားသည့် ငွေကျပ်သိန်း ၆,၀၀၀ကို တိုင်းစစ်ကောင်စီမှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ကြောင်း ဘုရားဂေါပကနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

ဂေါပကအဖွဲ့သည် ပုသိမ်ရွှေမုဌောဘုရား ရွှေသင်္ကန်းကပ်လှူရန်ဟုဆိုကာ ဘုရားဆိုင်ခန်း ပိုင်ရှင်များနှင့် မြို့တွင်းရှိလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၁၀သိန်းကျပ် အတင်းအကျပ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုဒီဇင်ဘာလ တတိယပတ်အထိ ငွေကျပ်သိန်း ၆,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ရရှိခဲ့သည့် ငွေကျပ်သိန်း ၆,၀၀၀ ကို တိုင်းစစ်ကောင်စီမှ ရန်ပုံငွေ အဖြစ်သိမ်းယူခဲ့ပြီး အလှုငွေကောက်ခံရန်အတွက် အချိန်ကာလ ထပ်တိုးခဲ့ကြောင်း ရွှေမုဌောဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူများထံကသိရသည်။

“ ဘုရားရွှေသင်္ကန်းကပ်ဖို့ လုပ်ငန်းရှင်နဲ့ ဘုရားဆိုင်ခန်းရှင်တွေကို တစ်ယောက် ၁၀ သိန်းကောက်ခံလိုက်တာ။ အားလုံးပေါင်းတော့ ငွေသိန်း ၆၀၀၀ ရသွားတယ်။ အဲဒီငွေတွေကို တိုင်းစစ်ကောင်စီကရန်ပုံငွေအဖြစ်နဲ့ လာသိမ်းသွားတယ်။ နောက်ထပ်ရမယ့် ငွေတွေကိုတော့ မယူတော့ဘူး။ အလှူ‌ငွေကောက်မဲ့ရက်ကို နောက်သုံးလထပ်တိုးဖို့ ပြောသွားတယ်” ဟု ရွှေမုဌောဘုရားဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထို့ကြောင့် ဘုရားရွှေသင်္ကန်းကောက်ယူရန် အချိန်ကာလကို နောက်နှစ် ၂၀၂၄ မတ်လအထိ အချိန်ကာလသတ်မှတ်ထားပြီး လိုအပ်သည့် အလှူငွေများအတွက် ပြန်လည် ကောက်ခံရန် ညွှန်ကြားထား၍ ဘုရားဆိုင်ခန်းရှင်များမှ ငွေကြေး အခက်အခဲများ ကြုံတွေ့နေကြောင်း ဘုရားဆိုင်ခန်းရှင်များထံက သိရသည်။

“အခုအလှူငွေပါသွားလို့ဆိုပြီးတော့ ထပ်ကောက်နေတယ်။ အဲ့တာအဆင်မပြေဘူး။ လုပ်ကိုင်ရတာအဆင်ပြေတာမဟုတ်ဘူး။ အခုကမဖြစ်မနေပုံစံ လာကောက်နေတာ ဆိုတော့ ဘယ်လိုလုပ်ပေးမရမလဲမပြောတတ်တော့ဘူး”ဟုရွှေမုဌော ဘုရားဆိုင်ခန်းရှင် တစ်ဦးကဆိုသည်။

အလားတူ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု ရှိ မော်တင်စွန်းစေတီတော်မြတ် ရင်ပြင်တိုးချဲ့ရန်အကြောင်းပြကာ ဒေသခံလုပ်ငန်းရှင်များအား တစ်ဦးလျှင် ငွေကျပ်၁၀သိန်းမှ သိန်း၂၀အထိ ပေးရန် ဘုရားဂေါပကအဖွဲ့မှ ကောက်ခံလျက်ရှိသည်။

အဆိုပါဘုရားမှ ရရှိထားသည့် အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ကျပ်ထက်မနည်းကိုလည်း တိုင်းစစ်ကောင်စီမှ သိမ်းဆည်းခဲ့ပြီး တစ်ဒေါ်လာလျှင် ငွေ ၂၁၀၀ ကျပ်နှုန်း ဖြင့်လဲလှယ်၍ ထုတ်ပေးမှုများ ရှိကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

ပုံစာ- ပုသိမ်ရွှေမုဌောဘုရား

#ပုသိမ်ရွှေမုဌောဘုရား #ရွှေသင်္ကန်းကပ်လှူရန် #ငွေကျပ်သိန်း၆၀၀၀ #တိုင်းစစ်ကောင်စီ #ရန်ပုံငွေအဖြစ်သိမ်းယူ #Ayarwaddy_Time