
woman hand holding her crotch suffering from pain,itchy concept background
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၂၄ ရက်)
အမျိုးသမီးကျန်းမာရေးဟာလည်း အခုလို ပဋိပက္ခကာလအတွင်းမှာ နောက်ချန် ထားခဲ့လို့မရပါဘူး။ အမျိုးသမီးတွေ အဖြစ်အများဆုံးမီးယပ်ပြသနာ တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။
မိန်းမကိုယ် လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါကနေ အဖြူဆင်းတာပါ။ အရှက်အကြောက် ကြီးကြတဲ့ မိန်းကလေးတွေကတော့ အဖြူဆင်းတာကို လူသိမခံဝံ့လောက်အောင် စိုးရိမ်နေကြပြီး ကြုံတွေ့ခံစားရသမျှ စိတ်ပျက်တတ်ကြပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ရတာလဲ ဆိုပြီး အမေ၊ အဖွား၊ အစ်မ၊ အဒေါ် နဲ့ သူငယ်ချင်းတွေကို စိုးရိမ်စိတ်နဲ့ မေးမြန်းတတ်ကြပါတယ်။
အခုလိုအချိန် စစ်ရှောင်နေရချိန်၊ ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့ ခက်ခဲနေချိန်မှာ အဖြူဆင်းတာက ဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆရာဝန် တစ်ယောက်နှင့် ကိုယ်တိုင်ဆွေးနွေးတိုင်ပင်သလို နားလည်သွားစေချင်ပါတယ်။
အမျိုးသမီးတွေမှာ ပုံမှန်ကျန်းမာတဲ့အချိန်တွေမှာလည်း အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အရည်လေးတွေ အကျိအချွဲလေးတွေ မိန်းမကိုယ်က ဆင်းတတ်ပါတယ်။ ရာသီမလာခင်မှာ အဖြူအရည်ပျစ်ပျစ်လေးဆင်းတက်ပါတယ်။ ဆင်းလာတဲ့ အဖြူ ပမာဏ အနည်းအများ ၊ အပျစ်အကျဲ၊ အရောင်အနံ့ ပြောင်းသွားရင် တော့ မီးယပ်ပြဿနာတွေကို စဉ်းစားရတော့မှာပါ။
တကယ်တော့ မိန်းမကိုယ်ကဆင်းတဲ့အဖြူအရည်တွေဆိုတာ သားအိမ်ခေါင်း မွေးလမ်းကြောင်းတွေထဲက ထုတ်လုပ်ထားတဲ့ သားအိမ်ခေါင်းအချွဲစ အကျိအချွဲတွေ အရည်တွေအပြင် မိန်းမကိုယ်လမ်းကြောင်းတလျှောက်က ဆဲလ်အသေအဟောင်းတွေ ကိုယ်ခန္ဓာအကျိုးပြုဘတ်တီးရီးယားတွေ ပါဝင်ပြီး မပြင်းထန်တဲ့ အနံ့တော့ ရှိတတ်ပါတယ်။ ပုံမှန်အဖြူဆင်းတယ်ဆိုတာက မွေးလမ်းကြောင်းနဲ့ သားအိမ်ကို ဆေးကြော သန့်ရှင်းလိုက်တယ်လို့ မှတ်ယူလိုက်နိုင်ပါတယ်။ ပုံမှန်အဖြူဆင်းခြင်း အတွက်ကတော့ ကုသမှုမလိုအပ်ပါဘူး။ သန္ဓေတားဆေးများကြောင့်လည်း တစ်ခါတလေ ဖြစ်တတ်ပါတယ်။
#အမျိုးသမီးတစ်ကိုယ်ရည်ကျန်းမာရေးနည်းလမ်းအသွယ်သွယ်
အမျိုးသမီးတစ်ကိုယ်ရည်ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပေးပါ။ သန့်ရှင်းသော ခြောက်သွေ့နေသော အတွင်းခံများကိုသာဝတ်ဆင်ပါ။ အမျိုးသမီး မိန်းမကိုယ် ကျန်းမာသန့်ရှင်းရေး ဂရုစိုက်ပေးပါ။ မိန်းမကိုယ်တွင်းထည့်ရတဲ့ လစဉ် သုံးပစ္စည်း Tampon ထည့်သုံးပါက ၄ နာရီကနေ အများဆုံး ၈ နာရီထပ်မပိုရပါဘူး။ လစဉ်သုံး ပစ္စည်းများ သုံးပါက မကြာမကြာလဲပေးပါ။
အိမ်သာသုံးပြီး မိန်းမကိုယ်ကို အရှေ့မှအနောက်ကို ဆေးကြော သန့်စင် ခြောက်သွေ့ အောင်လုပ်ရပါမယ်။ မိန်းမကိုယ်သန့်စင်ဆေးတွေ အနံ့ပြင်းဆပ်ပြာတွေ အလွန်အကျွံ သုံးတာတွေကို မလုပ်သင့်ပါဘူး။ ရေသန့်သန့်နဲ့သာ ဆေးကြောရင် လုံလောက်ပါတယ်။ ဆားရည်၊ ကျောက်ချဉ်၊ ဆေးရည် စတဲ့ အခြားနည်းလမ်း တွေသုံးပြီး ဆေးကြော သန့်ရှင်းတာကို ဆင်ခြင်စေချင်ပါတယ်။ ချွေးတွေအောင်းပြီးစိုထိုင်းနေတာက ပိုးတွေ ခိုအောင်းဝင်ရောက်နိုင်တာကြောင့် အမြဲခြောက်သွေ့အောင် ဂရုစိုက်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။
အဖြူဆင်းလာခဲ့ရင်လည်း အကြောက်အလန့်ကြီးပြီး သိုဝှက်နေဖို့မလိုပါဘူး။ တတ်ကျွမ်း နားလည်တဲ့ဆရာဝန်တွေ မီးယပ်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်လိုက်တာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။
အဖြူဆင်းမီးယပ်ရောဂါများကို အမျိုးသမီးတွေ စိုးရိမ်တတ်ကြပါတယ်။ အဖြူတွေ ပမာဏအများကြီးဆင်းနေရင် အရောင်က အဖြူနောက်နောက်ဖြစ်ရင် အခြား အရောင် တွေ ပြောင်းသွားရင် အနံ့ပြင်းထန်ဆိုးရွားလာရင် အဖြူကပျစ်နှစ်လွန်းနေရင် မိန်းမ ကိုယ်နား ယားယံခြင်း၊ နာကျင်ခြင်း တို့ဖြစ်လာရင်တော့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်း ရောဂါလို့သတ်မှတ်နိုင်ပါတယ်။
အဖြူဆင်းတာတော့အဖြူဆင်းတာပါပဲ။ ပျစ်နှစ်ပြီးဒိန်ချဥ်လို အဖတ်အဖတ်တွေပါ ပါလာတာမျိုးလည်း ဖြစ်တယ်။ ယားယံတဲ့အပြင် အချဉ်ဖောက်အနံ့မျိုးတွေပါ ကြုံလာတယ်ဆိုရင် မိန်းမကိုယ်မှိုစွဲရောဂါလို့ ပြောရမှာပါ။ မိန်းမကိုယ်မှိုစွဲရောဂါဟာ မြန်မာအမျိုးသမီး တွေမှာ အတွေ့ရများဆုံး အရာတစ်ခုလို့ဆိုနိုင် ပါတယ်။
#မိန်းမကိုယ်မှိုစွဲရောဂါ(Vaginal Candidiasis)
Candida မှိုကြောင့် အဖြူအဖတ်ဖတ်တွေ အချဉ်နံ့စူးစူးတွေ မိန်းမကိုယ်ကဆင်းပြီး မခံနိုင် လောက်အောင် ယားယံပါတယ်။ ကုတ်ရင်း အရေပြားပြဲ မိန်းမကိုယ်ရောင်းရမ်း နီရဲတာ အနာဖြစ်တာကတော့ အတွေ့ရဆုံးပါ။ ဆီးပူ၊ ဆီးကျင် လိင်ဆက်ဆံချိန် နာကျင် တာတွေလည်း တွေ့ရပါတယ်။
ဆီးချိုရောဂါသည် အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ ကိုယ်ခံအားနည်းသူတွေ ကတော့ ပိုဖြစ်တတ်ပါတယ်။ အိပ်ချိန်မမှန်၊ အိပ်ရေးမဝသူ ၊ အဝတ်အစား ကြပ်ကြပ်ဝတ်သူ၊ စိတ်ဖိစီးနေသူ ၊ လိင်ဆက်ဆံဖော်များသူ၊ အဝလွန်သူ ၊ အတွင်းခံထူထူ ဝတ်သူတွေမှာ ဖြစ်နိုင်ပါတယ်။
ကုသမှုတွေကတော့ မိန်းမကိုယ်ထဲထည့်ရတဲ့ မှိုသတ်ဆေးတောင့် နဲ့ လိမ်းဆေး၊ သောက်ဆေး တွေပဲဖြစ်ပါတယ်။ သုံးရက်အတွင်း သက်သာပေမယ့် ရက်ပြည့် အောင်ကုသရပါမယ်။ လိင်ဆက်ဆံဖော်ကိုပါ ကုသပေးရပါမယ်။ မကုပါက အပြန်ပြန် အလှန်လှန် ကူးစက်နေတော့မှာပါ။
မိန်းမကိုယ်မှ ဆင်းတဲ့အရည်များက အဝါရောင် အစိမ်းရောင် အရောင်နောက်နောက် တွေဆိုပါက မိန်းမကိုယ်ပိုးဝင်တဲ့ရောဂါတွေ၊ လိင်ကူးစက်တဲ့ရောဂါတွေ၊ ကာလသား ရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ မကုသဘဲထားရင် ပြဿနာရှိပါတယ်။ တင်ပဆုံရိုးခွေ အတွင်း နာတာရှည်ရောင်ရမ်းတဲ့ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ ကလေးမရတော့ဘဲ မြုံသွားတတ်ပါတယ်။ စနစ်တကျ နည်းလမ်းမှန်မှန် ကုသဖို့လိုအပ်ပါတယ်။
အဖြူဆင်းတဲ့အခါ အညိုရောင် အနီရောင်တွေပါ ပါဝင်လာရင် ရာသီသွေးအချိန်မမှန်တာ သန္ဓေတည်စဉ် သွေးအနည်းငယ်စိမ့်တာသာမက အခြားပြဿနာ တခုခုလည်း ဖြစ်နိုင် ပါတယ်။ ဆရာဝန်နဲ့ဆက်တိုင်ပင်ရပါမယ်။
အဖြူဆင်းခြင်းကို လက်တွေ့ကြုံတွေ့ခံစားနေရသူများအတွက် ကုသမှုရယူဖို့ နီးစပ်ရာ ဆရာဝန်သူနာပြု ရပ်ရွာအခြေပြုကျန်းမာရေးအဖွဲ့အစည်းများနဲ့တိုင်ပင်ဆွေးနွေးကုသပါ။ ဆရာဝန်နဲ့တိုင်ပင်ဖို့ လက်လှမ်းမမီဘူးဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနရဲ့ အခမဲ့အွန်လိုင်း ဆေးကုခန်း “တယ်လီကျန်းမာ”မှာ ပြသ ဆွေးနွေးနိုင်တဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်။
အမျိုးသမီး မီးယပ်ရောဂါတစ်ခုဖြစ်တဲ့ အဖြူဆင်းခြင်းကို ဖော်ပြပြီး နောက်တစ်ပတ်မှာ တော့ ခေါက်ဆွဲခြောက်နှင့်ကျန်းမာရေး ဆက်နွယ်ပုံကို ဖော်ပြသွားပါမယ်။
စောင့်မျှော်အားပေးဖတ်ရှုနေကြသူ AyeyarwaddyTimes ပရိသတ်များအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အဖြူဆင်းခြင်းမီးယပ်ပြဿနာ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)