ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ဆန်၊ ဆန်ကွဲ၊ ပဲမျိူးစုံနှင့် ပြောင်းတင်ပို့ရာမှရရှိသောပို့ကုန်ရငွေများကို စက်သုံးဆီ ဝယ်ယူနိုင်ရန်အတွက် နိုင်ငံခြားဘဏ်စာရင်းတွင် ၇၀ ရာခိုင်နှုန်းထားနိုင်ပြီး ၃၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ချက်ငွေလဲနှုန်းထားဖြင့် ကျပ်ငွေလဲလှယ်ရမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ထံက သိရသည်။

ပို့ကုန်ရငွေများထဲမှ ၇၀ ရာခိုင်နှုန်းကိုသွင်းကုန် (စက်သုံးဆီ) တင်သွင်းရန်အတွက် ပြည်ပသို့ ပေးချေရန်ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ကုမ္ပဏီကိုယ်တိုင် စက်သုံးဆီတင်သွင်းလျှင် နိုင်ငံခြားငွေစာရင်းထဲမှ ၇၀ ရာခိုင်နှုန်းဖြင့် ပေးနိုင်မည်ဖြစ်ပြီး ပို့ကုန်ရငွေ ( export earnings) ကို စက်သုံးဆီ တင်သွင်းသောကုမ္ပဏီများထံ ရောင်းချ မည်ဆိုပါက AD လိုင်စင်ရဘဏ်များမှ တဆင့် အရောင်းအဝယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း UMFCCI ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ ပို့ကုန်သမားတွေရတဲ့ export ဝင်ငွေကို သွင်းကုန်သမားတွေက ဟွန်ဒီ အဖြစ် နိုင်ငံခြားဘဏ်အကောင့်ထဲ ကနေပဲဝယ်လိုက်တာ။ export earnings ဆိုပြီး ဒီဘက်ကိုပြန်မရောက်လာဘူး။ အဲဒီတော့ export earnings မဖြစ်မနေဝင်ခိုင်းပြီး သွင်းကုန်သမားက ဒီရောက်မှ ပြန်ဝယ်ရမယ်ဆိုရင် ကုန်ကျစရိတ်ပိုများတယ်။ ဒေါ်လာဈေးတက်မယ်။ နောက်ဆုံးက ပြည်သူပဲခံရမှာပဲ” ဟု Export/Import လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းမည့် ကုမ္ပဏီများက လိုင်စင်လျှောက်ထားရာတွင် ( ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ) တင်ပို့ရာမှ ပို့ကုန်ရငွေရရှိထားကြောင်း (သို့မဟုတ်) export ကုမ္ပဏီများထံမှ ပို့ကုန်ရငွေဝယ်ယူထားကြောင်း အထောက်အ ထားအဖြစ် AD လိုင်စင်ရဘဏ်များမှထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ကုန်စည်တင်ပို့သူ ကုမ္ပဏီများ၏ ပို့ကုန်ကြေညာလွှာအရသတ်မှတ်ရက်အတွင်း ဝင်ရောက်လာသည့် ပို့ကုန်ရငွေ၏ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရည်ညွှန်းဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်လဲလှယ် ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေကြေးဈေးကွက်ပေါက်ဈေးဖြင့် လိုင်စင်ရဘဏ်များတွင်ရောင်းရ မည်ဖြစ်ကြောင်း UMFCCI ထံက သိရသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ တင်းကျပ်နေပြီး ပြင်ပရောက်မြန်မာလုပ်သားများထံမှ ဝင်ငွေခွန်တောင်းခြင်း၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များကို လုပ်ထုံးလုပ်နည်းများကန့်သတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ပို့ကုန်ရငွေ #စက်သုံးဆီဝယ်ယူရန် #နိုင်ငံခြားငွေစာရင်း #၇၀ရာခိုင်နှုန်းထားနိုင် #၃၀ရာခိုင်နှုန်း #ကျပ်ငွေအဖြစ်လဲလှယ် #Ayeyarwaddy_Times