
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၂၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းမှုများဆောင်ရွက်ရာ လက်နက်ကြီးကျည်များနှင့် MA ကျည်ဆံတစ်သိန်းကျော်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထေဘွေးတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူထောင်ပြီး စခန်းကို စွန့်ခွာ၍ အကုန်ထွက်ပြေးခဲ့သည်။
အဆိုပါတပ်စခန်းသိမ်းပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်တပ်)မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က လိုက်လံဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။
“အပြန်အလှန်ပစ်ခတ်မှုမှာ CDF(မင်းတပ်)ရဲဘော်က ကျဆုံးသွားပြီး ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ပြောခွင်ရဆလိုင်းဂျွမ်ကိမ်းက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ထေဘွေးစခန်းမှ စခန်းစွန့်၍ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေရင်း တိုက်ပွဲဖြစ်ပွားကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးသွားကြောင်းသိရသည်။
“မတူပီအခြေစိုက် ၃၀၄ တပ်ရင်းက စစ်ကူလာတဲ့ တပ်ဖွဲနဲ့ ထေဘွေးစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြားညပ်တိုက်ခိုက်မှုကြောင့် တပ်ရင်း ၄ ရဲ့ ရဲဘော်နှစ်ဦးကျဆုံးသွားပါတယ်။ နောက်ထပ်ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေတဲ့အတွက် အခုရှာဖွေနေဆဲပါပဲ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ရဲဘော်တစ်ဦးက ပြောသည်။
မတူပီမြို့နယ်၊ ထေဘွေးစခန်းသိမ်းစဥ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီမြို့နယ်၊ ဗန်ကိုင်းကျေးရွာမှ ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-ထေဘွေစခန်းသိမ်းစဥ်က မှတ်တမ်းပုံများ။
#မတူပီ #ထေဘွေးစခန်း #လက်နက်ကြီး #ကျည်ဆံတစ်သိန်းကျော် #သိမ်းဆည်းရမိ
#Ayeyarwaddy_Times