
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
အာဏာသိမ်း စစ်ကောင်စီသည် တစ်နေ့တခြား တပ်အင်အား လျော့နည်းလာသည့်အတွက် တပ်သားသစ် စုဆောင်းရာတွင် အရွယ်မရောက်သေးသူများကိုပါ စုဆောင်းနေပြီး ၎င်းတို့ကို ရှေ့တန်းစစ်မြေပြင်အထိ စေလွှတ်အသုံးချနေကြောင်း CDM အရာရှိများနှင့် လေ့လာသူတို့က ထောက်ပြပြောဆိုသည်။
သို့သော် စစ်ကောင်စီဘက်မူ ၎င်းတို့အနေဖြင့် တပ်သားသစ် စုဆောင်းရာတွင် အရွယ်မရောက်သေးသည့် ကလေးစစ်သားများ မရှိစေရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ၁၀ စုနှစ်ဝန်းကျင်ကလည်း မြန်မာစစ်တပ်သည် အရွယ်မရောက်သေးသူများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် စုဆောင်းနေသည်ဟု အချက်အလက်များအရ ILO အပါအဝင် အဖွဲ့အစည်းများက ဝင်ရောက်စုံစမ်းသည့်အခါ ကလေးစစ်သား အများအပြားကို တွေ့ရှိခဲ့ရပြီး ယင်းနောက်ပိုင်းတွင် လျော့သွားခဲ့ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ စစ်ကောင်စီအနေဖြင့် တပ်သားသစ် စုဆောင်းရာ၌ အင်မတန်မှ ခက်ခဲလာပြီး တရားဥပဒေ စိုးမိုးမှုကပါ နည်းပါးလာသည့်အခါ တွေ့ရာလူကို တပ်သားသစ်အဖြစ် စုဆောင်းနေခြင်းများ ကြားသိနေရကြောင်း CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“လောလောဆယ်ကတော့ သူတို့(စစ်ကောင်စီ)ထဲကို တစ်ခြားနိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေရော ဘယ်သူကမှဝင်ပြီး စစ်လို့မရတဲ့အခြေအနေ ဖြစ်နေပေမယ့်လဲ သူတို့ဟာ အတင်းအဓမ္မ စုဆောင်းဖို့အတွက် လုပ်ကိုင်နေတယ် ဆိုတာကိုတော့ ကျွန်တော်တို့ သိသိသာသာ မြင်ရတယ်” ဟု ၄င်းက ပြောသည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂ၏ Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ
လုပ်ငန်းစီမံချက်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဆိုးဆိုးဝါးဝါး လုပ်ဆောင်နေသည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
ယင်းစီမံချက်အရ CTFMR နှင့် ပူးပေါင်း၍ ယခုအချိန်ထိ အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို စစ်တပ်မှ နှုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့သည်ဟု စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး၌ ပြောဆိုခဲ့သည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ဝန်းကျင်ခန့်က ကလေးစစ်သားများနှင့် ပတ်သက်၍ ပိုမိုလုပ်ဆောင်ခဲ့ပြီး မိဘထံ ပြန်လည်အပ်နှံခြင်းများ၊ စုဆောင်းသူများကို အရေးယူခြင်းများ ပြုလုပ်ခဲ့သော်လည်း တပ်တစ်ခုတွင် ကလေးစစ်သား အနည်းဆုံး ငါဦးခန့် ကျန်ရှိနေသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဘာလို့လဲဆို ကလေးစစ်သား မဖြစ်အောင် မှတ်ပုံတင်နဲ့ မွေးသက္ကရာဇ်ကို အင်ထုပြီးတော့ ပြင်ထားတယ်။ အဲဒီတော့ စာရွက်စာတမ်း အထောက်အထားအရဆိုရင်တော့ ဒါဟာ ကလေးစစ်သား မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် သူတို့က ရတဲ့သူကို ရသလိုနည်းနဲ့ စုလာခဲ့တာဆိုတော့ တစ်ကယ်တမ်းသာ သေသေချာချာ စစ်ဆေးမယ်ဆိုရင် အစောတုန်းက ကျွန်တော်ပြောခဲ့သလိုပဲ တစ်တပ်မှာ ငါးယောက်၊ခြောက်ယောက် ရှိနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကလေးစစ်သားများကို ယခင်က လက်တိုလက်တောင်းအဖြစ် တပ်ထဲ၌ပင် နွားကျောင်း၊ ဝက်မွေးခြင်းများ စသည်တို့ကို ခိုင်းစေ၍ ထားရှိပြီး အသက်ပြည့်မှသာ သက်ဆိုင်ရာသို့ အပ်နှံသကဲ့သို့ တပ်တွင်းစစ်ဆေးမှုများ လာရောက်ပါကလည်း ၎င်းတို့ကို ရှေ့ထွက်မပြဘဲ ကင်းစောင့်ခိုင်းခြင်းများ ပြုလုပ်ကြောင်း CDM အရာရှိများ၏ ပြောပြချက်အရ သိရသည်။
“အခုနောက်ပိုင်းမှာတော့ တပ်သားသစ် စုဆောင်းရရှိရေး ခက်ခဲနေတာ တော်တော်ကြာပြီပေါ့နော်။ အာဏာသိမ်းပြီးမှာတော့ လုံးဝကို မရသလောက် ဖြစ်သွားပြီ။ နောက်ကျန်ဆိုလည်း အိုကြီးအိုမတောင် မကျန်တော့ဘူး။ ဒီတော့ ကလေးသူငယ် စစ်သားတွေကိုလဲ စစ်မျက်နှာပြင်မှာ စေလွှတ်ပြီးတော့ အသုံးချနေတယ်။ ဒါကြောင့်မလို့ ကလေးသူငယ် စစ်သားမရှိဘူးလို့ပြောတာ တကယ်ပြောတဲ့သူက ရူးနေပြီလို့တောင် ပြောလို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်အင်အား လိုအပ်ချက်အရ စစ်မှုမထမ်းလို၍ စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်မှုဖြင့် ဖမ်းဆီးခံထားရသူများ၊ ခွင့်မဲ့တပ်ပြေးများ၊ အခြားပြစ်ဒဏ်ကျ စစ်သားများကို ရှေ့တန်းသို့ စေလွှတ်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ထောင်ကျစစ်သားများကို လက်မှတ်ထိုး ခေါ်ထုတ်၍ တပ်နယ်များတွင်ထားရှိစဉ် ထပ်မံထွက်ပြေးသဖြင့် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရသည့် ဖြစ်စဉ်များလည်း ကြုံတွေ့နေရသည်။
စစ်ကောင်စီသည် မည်သည့်အခါကမှ ၎င်းတို့ လုပ်ရပ်နှင့် ပတ်သက်၍ ဝန်ခံရိုးထုံးစံ မရှိသကဲ့သို့ ယခု ကလေးစစ်သား ကိစ္စတွင်လည်း ကမ္ဘာကို ဗြောင်လိမ်ဗြောင်စား လုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူလည်းဖြစ် စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဓိကကတော့ လူအင်အား နည်းပါးနေတဲ့ ပြဿနာကို ရရာနည်းနဲ့ ဖြေရှင်းနေရတဲ့ အချိန်ကာလမှာ ကလေးစစ်သား မရှိဘူးဆိုတာကတော့ ဘယ်လိုမှ ယုတ်တိမတန်တဲ့ ပြောဆိုမှုဖြစ်တယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ဆိုတာကလဲ ဘယ်လိုမှကို ယုံကြည်လက်ခံဖွယ်ရာမရှိတဲ့ ဆင်ခြေဆင်လက်တွေပဲ ဖြစ်ပါတယ်” ဟု ကိုစိုးဝင်းဆွေက ထောက်ပြသည်။
စစ်ကောင်စီသည် တပ်သားပြုန်းတီးမှု ကုစားနိုင်ရေးအတွက် တပ်ရင်းများအားလုံး တစ်လလျှင် တပ်သားသစ် တစ်ဦးနှုန်းဖြင့် တစ်နှစ်လျှင် ၁၂ ဦး စုဆောင်းကြရန်နှင့် မစုဆောင်းနိုင်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာ ထွက်ပေါ်ထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ- စစ်ခေါင်းဆောင်က ရှမ်းမြောက်ခရီးစဉ်တွင် ဒဏ်ရာရ ကလေးစစ်သားနှင့် တွေ့ဆုံစဉ် (ဒီဇင်ဘာ ၁၀ ၊၂၀၂၃)
#စစ်ကောင်စီ #ကလေးစစ်သား #စုဆောင်းခြင်းမရှိဟုငြင်းဆို #Ayeyarwaddy_Times