
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
ဧရာဝတီတိုင်းအပါအ၀င် စစ်ကောင်စီလက်အောက်ခံ တိုင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများကို နယ်မြေချိန်းကာ အပြောင်းအလဲများ ပြုလုပ်နေကြောင်း Non CDM ဝန်ထမ်းများထံက သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ခရိုင်အုပ်ချုပ်ရေးမှူးများ နယ်မြေအပြောင်းအလဲများ ပြုလုပ်သည့် ညွှန်ကြားချက်သည် ပြည်နယ်နှင့်တိုင်း ၁၄ ခုကို စစ်ကောင်စီက ဌာနတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်၍ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း Non CDM ဝန်ထမ်း များထံက သိရသည်။
“တချို့တိုင်းကလူတွေက စစ်ကိုင်း ကယားပြောင်းရတယ်၊ အဲ့ဒီဘက်ပြောင်းရတဲ့ သူတွေကတော့ ဘယ်ပြောင်းချင်ပမလဲ။ ဒါကအထက်အမိန့်ဆိုတော့ ပြောင်းချင်ချင် မပြောင်းချင်ချင် ပြောင်းရတာပဲ။ အမိန့်စာထွက်လာပြီးနောက်ပိုင်း ဧရာဝတီတိုင်းကတော့ ပြောင်းတဲ့သူတွေပြောင်းနေကြပြီ။ တိုင်းမင်းကြီးအောက်က ညွှန်မှူးအဆင့်တွေ အကုန် ပြောင်းရပါတယ်” ဟု စစ်ကောင်စီလက်အောက်ခံ Non CDM ထွေအုပ်ဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့သို့ ပြောင်းရွှေ့ရသည့် အုပ်ချုပ်ရေးမှူးများအနက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပြောင်းရွေ့ရမည်ဖြစ်ပြီး ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်သည် ပုသိမ်မှ ရန်ကုန်သို့လည်းကောင်း၊ တိုင်းရုံး ညွှန်ကြားရေးမှူး ဦးမင်းကိုသည် ပုသိမ်ခရိုင်မှ တာချီလိတ်ခရိုင်သို့လည်းကောင်း ပြောင်းရွေ့ရမည်ဟု သိရသည်။
ထို့ပြင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်သည် လပွတ္တာခရိုင်မှ မိုးမိတ်ခရိုင်သို့ လည်းကောင်း၊ ဦးညီညီသည် မအူပင်ခရိုင်မှ မိုင်းဆတ်ခရိုင်သို့ လည်းကောင်း အသီးသီးပြောင်းရွေ့ရမည်ဖြစ်ကြောင်း Non CDM ဝန်ထမ်းများ ထံက သိရသည်။
ပုသိမ်ခရိုင်၊ မအူပင်ခရိုင် နှင့် လပွတ္တာခရိုင်သို့ ပြန်လည်ပြောင်းရွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှာ စစ်ကိုင်းခရိုင်မှ အုပ်ချုပ်ရေးမှူး ဦးရည်မွန်သည် ပုသိမ်ခရိုင်သို့ ပြောင်းရွေ့ရမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်သည် တာချီလိတ်ခရိုင်မှ မအူပင်ခရိုင်သို့ပြောင်းရွေ့ရမည်ဖြစ်ကြောင်းသိရသည်။
မိုင်းဆက်ခရိုင် အုပ်ချုပ်ရေးမှူ ဦးအောင်ဟိန်းကျော်သည် ဧရာဝတီတိုင်းသို့လည်းကောင်း၊ ရန်ကုန်တိုင်းမှ ထွေအုပ်ညွှန်မှူး ဦးလွင်ကိုဦးသည် လပွတ္တာခရိုင်သို့လည်းကောင်း၊ ပဲခူးတိုင်းထွေအုပ်မှ ညွှန်ကြားရေးမှူး ဒေါ်စုစုအောင်သည် ရာထူးတိုးဖြင့် ဧရာဝတီတိုင်း စစ်ကောင်စီလက်အောက် ထွေအုပ်သို့လည်းကောင်း ပြန်လည်ပြောင်းရွေ့လာကြ ကြောင်း သိရသည်။
နိုင်ငံတဝန်းလုံးရှိ နယ်မြေအများစု အေးချမ်းတည်ငြိမ်မှုမရှိချိန်တွင် စစ်ကောင်စီ လက်အောက်ခံ တိုင်းအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများအားလုံးကို ယခုကဲ့သို့ နယ်မြေပြောင်းရွေ့ခဲ့ခြင်းကြောင့် စစ်ကောင်စီအပေါ် ဝေဖန်မှုများ ရှိကြောင်း Non CDM ဝန်ထမ်းများက ဆိုသည်။
ပုံစာ- စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်ကာ ဆန္ဒပြနေသည်ကို ဖျာပုံမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများကိုတွေ့ရစဉ် (ပုံဟောင်း ၂၀၂၁ ၊ ဖေဖော်ဝါရီ )
#စစ်ကောင်စီလက်အောက်ခံ #တိုင်းခရိုင်အုပ်ချုပ်ရေးမှူးများ #နယ်မြေအပြောင်းအလဲပြုလုပ် #Ayeyarwaddy_Times