ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ဧရာ၀တီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း လောင်းကစား လုပ်ငန်းများကို လိုင်းကြေးယူပြီး ဖမ်းဆီးခြင်းမရှိသောကြောင့် နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲတပ်ဖွဲ့၀င်အချို့ ကို စေလွှတ် သည်ဟု သတင်းများထွက်ပေါ်သည့်အတွက် တစ်လခန့်ခတ္တရပ်ဆိုင်းခိုင်းထားကြောင်းသိရှိရသည်။

“နယ်ထိန်းတွေကိုယ်တိုင် လာပြောတာပါ၊ တစ်လလောက်ရပ်ထားဖို့ နေပြည်တော်က ရဲ တစ်ရာကျော်လွှတ်လိုက်တယ်။ လိုင်းကြေးလဲဒီလမပေးနဲ့ လာဖမ်းရင် မတတ်နိုင်ဘူးလို့ပြောသွားတယ်”ဟု ပုသိမ်မြို့နယ်အတွင်းက လောင်ကစားလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဧရာ၀တီတိုင်းရဲတပ်ဖွဲနှင့် ခရိုင်ဒနများက ကျေးရွာအချို့တွင် နှစ်လုံး၊ သုံးလုံးရောင်းချ သူအချို့ကို ၀င်ရောက်ဖမ်းဆီးမှုများပြုလုပ် နေကြောင်း ဒေသခံများထံမှသိရှိရသည်။

“တစ်နေ့ကို ၀င်ငွေ သိန်း၃၀နီးပါး ရှိတဲ့ဒိုင်ချုပ်တစ်ယောက်က လိုင်းကြေးတင် သိန်း ၈၀နီးပါးပေးရပါတယ်။ အာဏာသိမ်းတဲ့ကာလရောက်တော့ လုံး၀ တရား၀င်လိုဖြစ်နေတာ တိုင်းအဆင့်စစ်ကောင်စီကိုပါ ရှာပေးရတာ “ဟု ရဲတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းတွင် နှစ်လုံး၊ သုံးလုံး၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်းများကို ဖမ်းဆီးခြင်းမရှိပဲ လစဥ် လိုင်းကြေးယူကာ စစ်ကောင်စီအပါအ၀င်၊ တိုင်း၊ ခရိုင်၊မြို့နယ်နှင့် နယ်မြေစခန်းများမှ တရား၀င်ခွင့်ပြု ပေးပြီး ပြုလုပ်နေသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ဧရာ၀တီတိုင်း #စစ်အာဏာသိမ်းပြီးနောက်
#လောင်းကစား #လိုင်းကြေးယူ #ဖမ်းဆီးခြင်းမရှိ #နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ် #ရဲတပ်ဖွဲ့၀င်အချို့ ကိုစေလွှတ် #Ayeyarwaddy_Times