
ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ဆိုးရွားကျဆင်းလာသော သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် မီဒီယာစိန်ခေါ်မှုများကြောင့် ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာများ စုပေါင်း၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IPCM က ထုတ်ပြန်သည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဖွဲ့စည်း နိုင်ရေးအတွက် ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ တစ်နေရာတွင် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာ သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံတွင် ကောင်စီ၏ အမှုဆောင်ကော်မတီဝင်များအဖြစ် ကောင်စီဝင် ၁၀ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ပြီး နန်းဖော့ဂေကို IPCM ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
“ အခုဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနဲ့ ကတော့ ခက်ခဲတဲ့ကာလမှာ လုပ်ဆောင်သွားရမှာတွေ အများကြီး ရှိတယ်။ အရင်ဆုံး အနေနဲ့ သတင်းမီဒီ ယာသမားတွေရဲ့ ဘေးကင်းလုံခြုံရေး၊ အကာအကွယ်ရရှိရေးအတွက် လုပ်ဆောင်သွားရမယ်။ ဒါကလည်း တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်း မဟုတ်ဘဲ သက်ဆိုင်ရာဒေသ အသီးသီးက မီဒီယာသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွား ဖို့ရှိတယ်။ နောက်တစ်ခုကတော့ သတင်းမီဒီယာတွေကို ကျင့်ဝတ်နဲ့ အညီ လေးစား လိုက်နာမှု အပိုင်းအတွက် ကျင့်ဝတ်တွေ ရေးဆွဲသွားဖို့ရှိမှာပေါ့။ နောက်တစ်ခု ကတော့ နိုင်ငံတကာ (သို့မဟုတ်) အိမ်နီးချင်းမီဒီယာတွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အနေနဲ့ ဆက်လက်လုပ် ဆောင်သွားမယ်” ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌ နန်းဖော့ဂေ က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ညီလာခံသို့ တက်ရောက် လာသူများသည် စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းမီဒီယာ သမားများကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်း မီဒီယာများကို ကိုယ်စားမှုမရှိသည့်အတွက် တရားမဝင်သော အဖွဲ့အစည်း ဖြစ်ကြောင်း ဆုံးဖြတ်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် သတင်းမီဒီယာကောင်စီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ လုံခြုံရေးနှင့် အကာအကွယ် ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်းကာ လိုက်နာ ကျင့်သုံးရေး၊ သတင်းမီဒီယာ ကောင်စီ၏ တရားဝင်ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာ ကောင်စီများနှင့် တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
“ လက်ရှိစစ်ကောင်စီလက်အောက်က သတင်းမီဒီယာကောင်စီကို တရားမဝင်ဘူး ဆိုတဲ့ဟာကျတော့ စစ်ကောင်စီအောက်မှာရှိနေသေးတဲ့ သတင်းမီဒီယာ တွေက လွတ်လပ်စွာနဲ့ အများပြည်သူရဲ့ အခွင့်အရေး နစ်နာမှုတွေကို လွတ်လပ်စွာ ရေးသားနိုင်ခွင့်မရှိဘူး။ Fake News တွေလည်းပါတယ်ပေါ့နော်။ စစ်ကောင်စီရဲ့ သတင်းမီဒီယာကောင်စီသည် အများပြည်သူအတွက်ကော လွတ်လပ်တဲ့ သတင်းမီဒီယာ အားလုံးအတွက်ကော၊ တရားဝင်မှု မရှိတဲ့အတွက်ကြောင့် အခုလို ထုတ်ပြန်တာဖြစ်ပါတယ်” ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေ က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
IPCM သည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်သော လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဖြစ်ပြီး လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသား မီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုဖွဲ့စည်းထားသော တရားဝင် သတင်းမီဒီယာကောင်စီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်ရှိမှာ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေ၊ အထူးသဖြင့်လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေက လွတ်လပ်ပြီး ဘေးကင်းလုံခြုံစွာနဲ့ သတင်းမီဒီယာ အလုပ်ကို လုပ်ဆောင်ခွင်မရှိဘူး။ တစ်ဖက်မှာလည်း လုပ်ငန်းကို ရပ်နားသွားရတဲ့ သတင်းမီဒီယာတွေအများကြီးတယ်။ နောက် သတင်းသမားတွေရဲ့ လုံခြုံရေးတင် မဟုတ်ဘဲ ကျွန်မတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းက သတင်းရင်းမြစ်တွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းပြီးတော့ သတင်းတွေကို ဖော်ပြထုတ်လွှင့်နေရတယ်။ Information က ဒီကာလမှာ အများပြည်သူအတွက် အရေးကြီးတယ်။ တစ်ဖက်မှာလည်း အဲ့ဒီသတင်းဌာနတွေ ရပ်တည်ရေးအတွက်ကလည်း ဆက်လက် ပြီးတော့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲ့ဒီအတွက်လည်း ဆက်လုပ်ဆောင်သွားရမယ်။ ကူညီနိုင်တဲ့ အစုအဖွဲ့တွေကလည်း ကူညီကြဖို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေ က ဆိုသည်။
ပုံစာ-IPCMဥက္ကဋ္ဌနန်းဖော့ဂေ
ပုံစာ-၂၀၂၁ ခုနှစ် မတ်လအတွင်းက ဆန္ဒပြသူများနှင့် သတင်းသမားများကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းနေစဉ်
#စစ်တပ်အာဏာသိမ်း #ဆိုးရွားကျဆင်း #သတင်းမီဒီယာလွတ်လပ်ခွင့် #မီဒီယာစိန်ခေါ်မှု #IPCMဖွဲစည်း #နိုင်ငံတကာ #ချိတ်ဆက်လုပ်ဆောင် #Ayeyarwaddy_Times