ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စျေးဆိုင်များတွင် ဆန် နှင့် အသားငါး၊ဟင်းသီးဟင်းရွက်များ ပြတ်လက်နေပြီး ဝယ်ယူ၍မရရှိတော့ကြောင်း ဒေသခံများထံက သိရသည်။

ကျောက်ဖြူမြို့သည် အခြားမြို့နယ်နှင့် ကျေးလက်ဒေသမှ ဆန်များကိုသာ အဓိက ဝယ်ယူတင်သွင်းနေရပြီး ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကုန်းလမ်း၊ ရေလမ်းများ အားလုံး ပိတ်ထားသဖြင့် မြို့ပေါ်တွင် ဆန်စျေး မြင့်တက်သွားခြင်းမရှိသော်လည်း ဆန်ရောင်းချပေးသည့် စျေးဆိုင်များမရှိတော့ဘဲ ဆန်ပြတ်လတ်နေကြောင်း သိရသည်။

“ဆန်ပြတ်နေတာက နိုဝင်ဘာလ နောက်ဆုံးအပတ်ကစပြီး မြို့ပေါ်မှာ ဆန်ပြတ်နေတာပါ။ ဆန်က စျေးတက်တာမရှိပေမယ့် ဘယ်ဆိုင်မှ ဝယ်လို့မရတဲ့အနေထားပါ။ ကျောက်ဖြူမြို့ကို ဝင်မယ့် သဘော်၊ စက်လှေ၊ ကားတွေ ပိတ်ထားတော့ ဆန်တော့ မရောက်နိုင်ဘူး။ ကျောက်ဖြူမြို့က ဆန်ကို ရခိုင်မြောက်ပိုင်းက အဓိကဝယ်ယူတင်းသွင်းရတာပါ။ စားသောက်ကုန်ပစ္စည်းကတော့ ပြည်မဘက်က ဝယ်ယူတင်သွင်းရတာပါ”ဟု ကျောက်ဖြူမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ဆန်ပြတ်လတ်နေသည့် ကျောက်ဖြူမြို့တွင် စားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စုများကို ပရဟိတအဖွဲ့စည်းများနှင့် မြန်မာကြက်ခြေနီအသင်းဖွဲ့များက ဆန်များ လာရောက်လှူဒါန်းပေးနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြို့နှင့် ထိစပ်လျက်ရှိသည့် ပင်လယ်မြစ်ကမ်းတစ်လျှောက်ရှိ ကမ်းခြေဒေသများသို့ ငါးဖမ်းထွက်ခြင်း မပြုလုပ်ကြရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသောကြောင်း မြိုပေါ်တွင် ငါး၊ ပုစွန် ရောင်းချသည့် စျေးဆိုင်များ လုံးဝ မရှိတော့ဟု ဆိုသည်။

အလားတူ မြို့ပေါ်တွင် ကျေးလက်ဒေသမှ ဟင်းသီးဟင်းရွက်များ လာရောင်းချသည့် စျေးသည်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီ၏ မြို့ဝင်ဂိတ်ဖြစ်သည့် ကျောက်တစ်လုံးဂိတ်တွင် ဒေသခံ အယောက် ၂၀ ကျော်အား ဒေသန္တရအမိန့် ချို့ဖောက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် မြို့ထဲသို့ ဟင်းသီးဟင်းရွက် လာရောင်းသည့် စျေးသည်များ မရှိတော့ကြောင်း သိရသည်။

“ငါးဖမ်းလှေတွေ ထွက်ခွင့်ပိတ်ထားတော့ မြို့စျေးတွေမှာ ငါး၊ ပုစွန် ရောင်းတဲ့ ဆိုင်တွေမရှိတော့ဘူး။ နယ်ဘက်ကလာတဲ့ ဟင်းသီး၊ ဟင်းရွက် စျေးသည်တွေလည်း မလာရဲကြတော့ ဝယ်စရာ ဟင်းသီး၊ ဟင်းရွက်တောင် မရှိတော့ဘူး။ အချို့က အဖမ်းဆီးကြားက အရဲစွန့်ပြီး လာရောင်းတဲ့ စျေးဆိုင်တွေက အသီးရွက်ကို လုဝယ်နေရတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်ဖြူမြို့နေဒေသခံများသည် ဆန်၊ စားနပ်ရိက္ခာများကို အခြားမြို့နယ်များမှ ဝယ်ယူတင်းသွင်းနေရပြီး သားငါး၊ ဟင်းသီးဟင်းရွက်များအတွက် ကျေးလက်ဒေသကို မှီခိုနေရခြင်း ဖြစ်သည်။

#ကျောက်ဖြူမြို့ #စျေးဆိုင်များတွင် #ဆန်နှင့်အသားငါး #ဟင်းသီးဟင်းရွက် ပြတ်လတ်နေ
#Ayeyarwaddy_Times