
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
နွေစပါးစိုက်ပျိုးရာသီတွင် ထွန်ယက်စိုက်ပျိုးရေးအတွက်လိုအပ်သော စက်သုံးဆီ ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက စီစဉ်နေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် The Perpetual ကုမ္ပဏီတို့ပူးပေါင်းပြီး စိုက်ပျိုးသူတောင်သူများအတွက် တစ်ဧကလျှင် ဒီဇယ် လေးဂါလံနှုန်းဖြင့်ရောင်းချပေးမည်ဟု သိရသည်။
” စစ်ကောင်စီလက်ထက် ဘာမှမသက်သာပါဘူး။ လျော့ဈေးနဲ့ရောင်းပေးတာ သပ်သပ်ဖန်တီးတာပဲ။ အခုက တော်တော်များများစပါးရိတ်ပြီးကြပြီ။ ကာလပေါက်ဈေးထက်လျော့ရောင်းလည်း နည်းနည်းပဲသက်သာမှာ။ ကြားမှာဖြတ်စားသူနဲ့ ” ဟု ကျိုက်လက်ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။
ဆန်စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများအပါအဝင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ၊ ရေလုပ်ငန်းများတွင်သုံးစွဲရန်လိုအပ်သော စက်သုံးဒီဇယ်ဝယ်ယူရာတွင် အခက်အခဲများဖြစ်နေပြီး စက်သုံးဆီရှားပါးမှုများကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလဆန်းမှစတင်ကာ နိုင်ငံတဝန်းစက်သုံးဆီပြတ်လက်မှုများကြုံတွေ့ရပြီး ရန်ကုန်မြို့ကြီးမှာပင် ဆီအရောင်းဆိုင်တိုင်းတွင် စက်သုံးဆီ ( ဒီဇယ်) ကိုရောင်းချနိုင်ခြင်းမရှိသည့် အခြေအနေတွင် ရှိနေသော်လည်း စစ်ကောင်စီက ရေသန့်ဗူး၊ ဂါလံဖြင့် ရောင်းချသော လက်လီစက်သုံးဆီဆိုင်နှင့် အသေးစားရောင်းချမှုများကို ဖမ်းဆီလျက်ရှိသည်။
စစ်ကောင်စီအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနစ်တွင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းအတွင်းရှိတောင်သူ လယ်သမားများအား စက်သုံးဆီကို ဈေးနှုန်းသက်သာစွာရောင်းချပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
ဓာတ်ပုံ – လူမှူကွန်ရက်
#နွေစပါးစိုက်ပျိုးရာသီ #စက်သုံးဆီဝယ်ယူနိုင်ရန်# စီစဉ်ပေးမည် #ဆန်စပါးအသင်းထုတ်ပြန်
#Ayeyarwaddy_Times