နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး- KNU တပ်မဟာ (၆) နယ်မြေရှိ ကွန်မန်ဒို စစ်ကြောင်းထံသို့ ခလရ (၂၈၃) စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက်ခဲ့ပြီး ဆုငွေ ကျပ် သိန်း (၁၅၀) ချီးမြင့်ပေးအပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီ၏ ခြေလျင်တပ် ခမရ (၂၈၃)မှ ဒုတပ်ကြပ် ရဲကိုကို ၂၃ နှစ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ သေနတ် တစ်လက်၊ M-40ဗုံးသီး ရှစ်လုံး ကျည်ဘောက် လေး ခုနှင့် ၅. ၅၆ ကျည်ဆံ ၇၅ တောင့် တို့ကို ယူဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။

“အမှတ် (၂၈၃) ခြေလျင်တပ်ရင်းကနေ ထွက်ပြေးလွတ်မြောက်လာတာပါ။ သူနဲ့အတူ MA-4 သေနတ်၊ ဗုံးသီးတွေနဲ့ ကျည်ဆံတွေပါ တပါတည်းယူလာပါတယ်။ လက်နတ်တွေနဲ့အတူ အလင်းဝင်လာတာကြောင့် KNU တပ်မဟာ(၆)က ချီးမြင့်ငွေအဖြစ် ကျပ်သိန်း ၁၅၀ ပေးခဲ့ပါတယ်”ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ တပ်တွင်းတွင် အထက်အောက်ဖိနှိပ်မှုများပြားနေပြီး စစ်ကောင်စီတပ်၏ လုပ်ရပ်များကို မနှစ်သက်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း စစ်​ကောင်စီတပ်သား ဒုတပ်ကြပ် ရဲကိုကိုထံက သိရသည်။

ထို့ပြင် ၎င်းအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရသိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်ကောင်စီ၏ ခြေလျင်တပ် ခမရ ၂၈၃ မှ ဒုတပ်ကြပ် ရဲကိုကို

#လက်နက်နှင့်အတူအလင်းဝင်ရောက်
#စစ်ကောင်စီတပ်ဖွဲ့ဝင် #KNUတပ်မဟာ၆ #ငွေကျပ်သိန်း၁၅၀ချီးမြှင့် #Ayeyarwaddy_Times