
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် စကားလှဘုန်းကြီးကျောင်း၊ကလေးမြို့အထွက် ညောင်ပင်သာရပ်ကွက်မြစ်သာတည်းခိုခန်းနှင့် ကလေးတက္ကသိုလ်ဝင်းရှိ တက္ကသိုလ်မုခ်ဦးဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှု ပြုလုပ်လာသဖြင့် အနီးနားရှိဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံကသိရသည်။
စစ်ကောင်စီတပ်သည် ကလေးတောင်ပိုင်း နတ်ချောင်းလမ်းပေါ်ရှိ မြို့သာရပ်ကွက်အထိ လှမ်းမြင်နိုင်သော ငါးထပ်ဆောင် စကားလှဘုန်းကြီးကျောင်းပေါ်မှ စနိုက်ပါ ဖြင့်ထောက်ထားပြီး အောင်မင်္ဂလာရပ်ကွက်နှင့်ကပ်လျှက်ရှိသည့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာအောင်သစ္စာရပ်ကွက်ကိုလည်း ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်းများဖြင့်ခံတပ်ကိုအခိုင်အမာပြင်ဆင်ထားသောကြောင့် ဒေသခံများထိတ်လန့်ကာ နေရပ်စွန့်ခွါတိမ်းရှောင်နေကြခြင်း ဖြစ်သည်။
“အဓိကတော့ PDF တွေဝင်လာရင် အဝေးက မြင်ရအောင်လို့အထပ်မြင့်တွေကနေ နေရာယူထားတာဖြစ်မယ်။ကျွန်တော်တို့ကတော့ ရမ်းသမ်းပစ်ခံရမှာ၊ အဖမ်းခံရမှာတွေကြောက်တာကိုး။ မြို့သိမ်းတိုက်ပွဲတွေ
ဖြစ်လာမယ်ဆိုပြီးလည်းပြောနေကြတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့။ပြေးတာတော့ အများကြီးပဲ။တစ်ရက်နဲ့တစ်ရက်မတူတော့ လူဦးရေက ခန့်မှန်းရခက်တယ်။အခုထိလည်း တစ်သုတ်ပြီးတစ်သုတ် ရွှေ့နေကြတာပဲ။အနည်းဆုံး၂၀၀ ဝန်းကျင်တော့ရှိမယ်” ဟု အောင်မင်္ဂလာရပ်ကွက်နေ စစ်ရှောင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့အထွက် ညောင်ပင်သာရပ်ကွက်ရှိ မြစ်သာတည်းခိုခန်းတွင်လည်း စစ်ကောင်စီက တပ်စွဲထားပြီး သဇင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ မင်းကြီးဟော်တယ်တွင်လည်း စစ်ကောင်စီ၏ အရာရှိများမကြာခဏလာရောက်တတ်သဖြင့် သဇင်ရပ်ကွက်ရှိဒေသခံများနှင့် တပ်ဦးသီတာရပ်ကွက်နေသူ အများအပြားလည်းတိမ်းရှောင်နေရသည်ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။
“မင်းကြီးဟော်တယ်ကျတော့ အရင်ကတည်းက KTV တို့ မာဆပ်တို့မှာစကစ အကြီးပိုင်းတွေလာလာပျော်ပါးကြတာရှိတယ်။ ဟော်တယ်ပတ်ပတ်လည်မှာ RTC စစ်တပ်ဝန်း၊ ထောက်ပို့တပ်၊အမြောက်တပ်၊ ခရိုင်ရဲစခန်းတွေလို တပ်တွေနဲ့ ဝန်းရံထားတော့ သူတို့အတွက်အဓိက သွားရောက်ပျော်ပါးရာလည်း ဖြစ်တာပေါ့”ဟု ကလေးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အဆိုပါနေရာများ တွင် ၂၀၂၂ ကတည်းက တပ်စွဲထားခြင်း ဖြစ်သော်လည်း စခန်းသိမ်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစ၍ ခံတပ်အခိုင်အမာနှင့် စစ်ရေးပြင်ဆင်မှုကိုအပြင်းအထန်ပြုလုပ်လာသောကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရ ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ မြို့တွင်း စစ်ရေးပြင်ဆင်မှုများကြောင့် အောင်မင်္ဂလာ၊အောင်သစ္စာ၊တပ်ဦးသီတာ၊ ညောင်ပင်သာစသည့်ရပ်ကွက်များအပြင်
စစ်ကောင်စီတပ်ရင်းတပ်ဌာနအနီး၊မြို့မရဲစခန်းနှင့်ခရိုင်ရဲစခန်းအနီးတွင်နေထိုင်ကြသည့် ဒေသခံ (၅၀၀) ထက်မနည်းနေရပ်စွန့်ခွါတိမ်းရှောင်နေကြပြီး အများစုမှာ အိန္ဒိယနိူင်ငံ၊ မီီဇိုရမ်ပြည််နယ်သို့ ထွက်ပြေးကြကာ အချို့မှာ နီးစပ်ရာ ဆွေမျိုးများရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေရသည်ဟု ကလေးမြို့နယ်စစ်ရှောင်ကူညီသူများက ပြောသည်။
ဓာတ်ပုံ-ကလေးမြို့၊စမ်းမြို့ရပ်ကွက်၊ စမ်းမြို့ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်စွဲထားပုံ(ပုံဟောင်း)
#ကလေးမြို့ #စစ်ကောင်စီတပ်စွဲ #အောင်မင်္ဂလာရပ်ကွက် #မင်းကြီးဟော်တယ် #ဒေသခံများတိမ်းရှောင် #Ayeyarwaddy_Times