ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

မြန်မာနိုင်ငံအား ပြည်သူလူထု လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွန်းလာရေးအတွက် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာ၀တီဖက်ဒရယ်အင်အားစုက ပြောသည်။

ဧရာ၀တီတိုင်းရှိ ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများသည် ၂၀၁၂ ခုနှစ်မှစတင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနှင့် မြန်မာနိုင်ငံအား ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြောင်း၊ အနာဂါတ်တွင် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပေါ်ထွန်း လာချိန်၌ အသုံးပြုနိုင်ရန်အတွက် ဧရာဝတီအမျိုးသားပြည်နယ် ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေး လုပ်ငန်းကိုလည်း ​ေဆာင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီအမျိုးသားပြည်နယ်ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့သည် အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးလုပ်ငန်းများကို ပိုမိုတွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီကို ကဏ္ဍ ၁၅ ခုမှ နိုင်ငံရေးအင်အားစုများဖြင့် တိုးချဲ့ဖွဲ့စည်းကာ မြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အဖွဲ့ဝင်အာများစု၏သဘောတူညီမှုဖြင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဧရာဝတီဒေသရှိ ကဏ္ဍ ၁၂ ခုမှ နိုင်ငံရေးအင်အားစုများသည် ထပ်မံပါဝင်လာသည့် အင်အားစု (၂) ခုနှင့်အတူပူးပေါင်း၍ နိုင်ငံရေးရည်မှန်းချက် ၃ ရပ်ဖြင့် ဧရာဝတီဖက်ဒရယ် အင်အားစု (Ayeyarwaddy Federal Force – AFF) ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ထွန်း ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အဆိုပါအဖွဲ့က ပြောဆိုသည်။

“ကျနော်တို့က မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တယ်။ တချိန်မှာ ဖက်ဒရယ်နိုင်ငံဖြစ်လာနိုင်တယ်လို့မျှော်လင့်ပြီး ဧရာ၀တီတိုင်းက နိုင်ငံရေးအင်အားစုတွေက ၂၀၁၂ ကတည်းက ဧရာ၀တီ ဖွဲ့စည်းပုံမူကြမ်း ပေါ်ပေါက်ရေးကြိုးပမ်းခဲ့တာ။ စစ်အာဏာသိမ်းတဲ့နောက် နိုင်ငံရေးလိုအပ်ချက်အရ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးအဖွဲ့ကနေ ဧရာ၀တီပြည်နယ် ဖက်ဒရယ်ကောင်စီတည်ထောင်ပြီး ဖက်ဒရယ်အရေး ဆက်လုပ်ခဲ့တယ်။ နိုဝင်ဘာလမှာ အကြောင်းအမျိုးမျိုးကြောင့် ကောင်စီကို ဖျက်သိမ်းခဲ့တယ်။ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ချက်အရ ဒေသတွင်းနိုင်ငံရေးအင်အားစု ၁၄ စု ပူးပေါင်းပြီး ဧရာ၀တီဖက်ဒရယ်အင်အားစုကို ပြန်လည်တည်ထောင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြည်သူတွေလိုလားတဲ့ အာဏာရှင်စနစ်အားလုံး ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို အားလုံးနဲ့လက်တွဲပြီး နောက်မဆုတ်တမ်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဧရာ၀တီဖက်ဒရင်အင်အားစုအဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာ၀တီဖက်ဒရယ်အင်အားစုအနေဖြင့် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ဖျက်သိမ်းရေး၊.ဖက်ဒရယ် ဒီမိုကရေစီရရှိရေး၊ ဧရာဝတီပြည်နယ်ဖွဲ့စည်းပုံမူကြမ်းပေါ်ပေါက်ရေးအစရှိသည့် နိုင်ငံရေးရည်မှန်းချက် (၃) ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ကျနော့်အမြင်ကတော့ ဧရာ၀တီတိုင်းက တိုက်ပွဲလည်းမရှိ၊ တော်လှန်ရေးလှုပ်ရှားမှုလည်း အားနည်းတဲ့ဒေသ ဖြစ်တယ်။ ဒီလိုဒေသမှာ နွေဦးတော်လှန်ရေးအောင်မြင်ဖို့၊ စစ်အာဏာရူးတွေလက်အောက်က လွတ်မြောက်ဖို့ အတွက်က ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ကြိုဆိုတယ်။ နိုင်ငံရေးအရရော၊ စစ်ရေးအရရော လုပ်ဖို့ လိုအပ်တယ်။ လုပ်တဲ့အခါမှာလည်း သေသေချာချာ ကျကျနနလေး လုပ်စေချင်ပါတယ်”ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧရာ၀တီဖက်ဒရယ်အင်အားစုအဖွဲ့ မတိုင်မီက ပေါ်ပေါက်လှုပ်ရှားခဲ့သည့် ဧရာ၀တီပြည်နယ်ဖက်ဒရယ်ကောင်စီ အနေဖြင့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ချင်း၊ ကရင်နီအစရှိသည့်ဒေသများမှ ဖက်ဒရယ်နိုင်ငံရေး အင်အားစုများဖြင့် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG မှ တာဝန်ရှိသူတချို့နှင့်လည်း နိုင်ငံရေးအလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ဧရာ၀တီ #ဖက်ဒရယ် #အင်အားစု #Ayeyarwaddy_Times