ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦး နှင့် အစ်မဖြစ်သူတို့ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူများမှာ လှည်းကုန်းအမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် မမော်မော်ရှိန် နှင့် ၎င်း၏ အစ်မဖြစ်သူ မနော်နော်ရှိန် (ခ) မဖြိုးဖြိုး တို့ကို ဒီဇင်ဘာလ ၂၁ ရက်နေ့လည်၂ နာရီ ခန့်အချိန်တွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အလှပြင်ဆိုင် ဖွင့်ထားတဲ့ ကောင်မလေးနဲ့ သူ့အစ်မကို ဝင်ဖမ်းသွားတယ်။မြန်မြန်လုပ် အချိန်မရှိဘူးလို့ပြောပြီးကားပေါ်သို့တင်ဆောင်သွားတယ်”လို့ ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ညီအစ်မနှစ်ဦးကို အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် ညသန်းခေါင်ယံအချိန်က ဖမ်းဆီးခံရသည့် ကံပေါက်ဒေသခံ လေးဦး နှင့် အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က အဖမ်းခံထားရသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် တစ်ဦးလည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

မောရဝတီ ရေတပ်ခန်းဌာနချုပ် ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် ကံပေါက်ဒေသခံ ခြောက်ဦး အထိဖမ်းဆီးခံထားရကြောင်း သိရသည်။

ပုံစာ-ဖမ်းဆီးခံရသူ မမော်မော်ရှိန် နှင့် မနော်နော်ရှိန်
#မောရ၀တီရေတပ် #ကံပေါက်တွင်အလှပြင်ဆိုင် #အမျိုးသမီးနှစ်ဦးကိုဖမ်းဆီး
#Ayeyarwaddy_Times