
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ရက်
စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး စစ်ကောင်စီတပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်သား နှစ် ဦးတို့သည့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ထံလာရောက် ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ ခမရ-၁၀၂ တပ်မှဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်း၊ ဆေးတပ်သား အောင်မျိုးဝင်း၊ တပ်သားအောင်ကိုဝင်း၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF (၁၀၂၂) တပ်နယ်၊ တပ်နယ်-၄ မှ တပ်သားကောင်းဆက်ထွန်းနှင့် တပ်သားစောပေထူးတို့သည် KNU/KNLA တပ်မဟာ (၆) လုံခြုံရေးစစ်ကြောင်းထံသို့ လက်နက်များနှင့်အတူလာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ဗိုလ်ကြီး နဲ့ တပ်ဖွဲ့ဝင်တွေ ၊ BGF က တပ်ဖွဲ့ဝင်တွေ လာရောက်ပူးပေါင်းတာပါ။ သူတို့နဲ့အတူ သေနတ် ငါး လက်နဲ့ လက်ပစ်ဗုံးတွေပါပါတယ်။ KNLA တပ်မဟာ(၆) လုံခြုံရေးစစ်ကြောင်းကို အပ်နှံခဲ့ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့ယူဆောင်လာသည့် MA -5 သေနက် တစ်လက် ၊ MA-3 နှစ်လက်၊ MA-4 နှစ်လက် နှင့်အတူ ကျည်ဆံများ၊ လက်ပစ်ဗုံး နှစ်လုံးတို့ကို KNLA တပ်မဟာ (၆) ထံ အပ်နှံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ် ခလရ (၂၈၃) တပ်ရင်းမှ ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသည် လက်နက်နှင့်အတူ KNU တပ်မဟာ (၆)ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-KNLA တပ်မဟာ ၆ ထံ လာရောက်ပူးပေါင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်BGFတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်
#စစ်ကောင်စီတပ်အရာရှိ #တပ်ဖွဲ့ဝင်၃ဦး #BGFတပ်သား၂ဦး #လက်နက်များယူဆောင် #KNUထံပူးပေါင်း #Ayeyarwaddy_Times