
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
အာဏာသိမ်း စစ်ကောင်စီက ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင်များ ထွက်ပြေး၊ လက်နက်ချမှု တစ်နေ့တခြား များပြားလာသည့်အတွက် မူးယစ်ဆေးဝါးနှင့် လောင်းကစား ဥပဒေအား ပြင်ဆင်ထုတ်ပြန်၍ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို လုပ်ပိုင်ခွင့် တိုးချဲ့ပေးလိုက်ကြောင်း ဥပဒေပညာရှင်၊ CDM ရဲတပ်ကြပ်နှင့် လေ့လာသူတို့က သုံးသပ်ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အငြင်းပွါးနေသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ လက်ရှိအထိ နည်းဥပဒေ ထွက်ပေါ်ခြင်း မရှိသေးသည့် လောင်းကစား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန်ခြင်းတို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်လိုက်ခြင်းသည် ထိုအရာကို အကြောင်းပြ၍ မလျော်ဩဇာ သုံးခြင်းများ၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်သူ များအား ဖမ်းဆီးရန် လွယ်ကူအောင် လုပ်ဆောင်လိုက်သည့် အခြေအနေတစ်ရပ်ဟု ရှုမြင်၍ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်-NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
“မူးယစ်ဆေးဝါးမှာ အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင်တော့ အများပြည်သူနဲ့ဆိုင်တဲ့ ဧရိယာတွေမှာ၊ နောက် ပြည်သူလူထုရဲ့ ခြံဝန်းတွေ၊ အိုးအိမ်တိုက်တာတွေထဲကို အတားအဆီးမရှိ ဝင်ခွင့်ရနိုင်တဲ့ အခြေအနေကို ဖန်းတီးပေး လိုက်တယ်။ ဒါက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ချဲ့ထုတ်လိုက်တဲ့ အနေအထားရှိပါတယ်။ ဒါက မူးယစ်ဆေးဝါး နည်းဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်တဲ့ အမိန့်ကြော်ငြာစာအမှတ် ၇၅၉/၂၀၂၃ မှာ တွေ့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ နည်းဥပဒေအားဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သုံးစွဲခဲ့သည့် တရားခံများအား ပြန်လည်ထူထောင်ရေးတွင် သက်ဆိုင်ရာဌာနအနေဖြင့် ဘတ်ဂျက်အများအပြား သုံးစွဲ၍ရသော အခြေ အနေကို ဖန်တီးပေးထားသကဲ့သို့ လောင်းကစား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၇၆၀/၂၀၂၃ ၌လည်း အခန်း (၇)၊ အပိုဒ် ၂၆ မှ ၃၁ အထိ ပြဌာန်းချက်များတွင် ကာစီနို ဖွင့်ခွင့် ပေးနိုင်သော အခြေအနေကို ဖန်းတီးပေးထားကြောင်း သိရသည်။
ထို့အပြင် လောင်းကစား ဥပဒေသည် နည်းဥပဒေများ မထွက်ရှိသေးသည့်အတွက် လုပ်ထုံးလုပ်နည်းများကို ဗွေဆော်ဦး ထုတ်ပြန်ခြင်းမှာ အဆင့်ကျော်ပြဌာန်းသော ပြဌာန်းချက်သာဖြစ်ပြီး အဆိုပါဥပဒေများ ထုတ်ပြန်၍
စစ်ကောင်စီသည် တရားဝင် အစိုးရတစ်ရပ် ဖြစ်သယောင်ယောင်၊ UNODC က ချမှတ်ထားသော မူးယစ်ဆေးဝါး ပပျောက်ရေး၊ ဘိန်းအမြစ်ပြတ်ရေးတို့ကို လိုက်ပါဆောင်ရွက် နေသယောင် လုပ်ဆောင်နေကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ထောက်ပြသည်။
မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ကစဉ့်ကလျား အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင် မူးယစ်ဆေး ဝါး ထုတ်လုပ်မှု မြင့်တက်လာခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ယင်းဥပဒေများ ပြင်ဆင်ထုတ်ပြန်ခြင်းသည် နိုင်ငံရေးအပေါ် ပြည်သူလူထု စိတ်ဝင်စားမှု လျော့သွားအောင် တစ်ဖက်ကနေ လှည့်ကွက်သဘောမျိုး လုပ်ဆောင်ခြင်းဟု ယူဆ၍ရသကဲ့သို့ လောင်းကစား ဥပဒေ၌ ကာစီနိုကိစ္စ ထည့်သွင်းဖော်ပြခြင်းမှာလည်း ၎င်းတို့နှင့် ဆက်နွယ်နေသော လက်နက်ကိုင်အင်အားစု အချို့နှင့် ပြည်သူ့စစ်များ၏ ထောက်ခံမှုများ ရယူချင်သောကြောင့်ဖြစ်ကြောင်း စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်း ဆွေက ပြောသည်။
“ကာစီနိုကိစ္စက အဓိကကတော့ ဒီနယ်စပ်ဒေသမှာ အခြေချနေတဲ့ စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ်တွေ၊ အခြားသော စစ်ကောင်စီကို ထောက်ခံပေးနေတဲ့ လက်နက်ကိုင် အင်အားစုတွေကို ရပ်တည်ရေးအတွက် ပိုပြီး အထောက်အကူဖြစ်အောင်၊ ဒါမှမဟုတ် သူတို့ကို ချွေးသိပ်တဲ့အနေနဲ့ ဒီကာစီနိုဥပဒေကို ထည့်ပြီးတော့ ပြဌာန်းလိုက်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်က ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း မြင့်တက်လာကာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပမာဏအများဆုံး ထုတ်လုပ်မှုဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး-UNODC က ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“လက်ရှိ စစ်ကောင်စီက ဒါတွေ လုပ်ပြနေတာကတော့ သူတို့ရဲ့ တရားမဝင်မှုကို တရားဝင်သယောင်၊ အရေးပါသယောင် လုပ်ပြနေတာတွေထဲက တခုလို့ မြင်ပါတယ်။ အခုသူတို့ ပြင်ဆင်ဖြည့်စွက်လိုက်သလို သူတို့ရဲ့ ဒေါက် တိုင် Non CDM တွေက အတိအကျ လိုက်နာကျင့်သုံး အကောင်အထည်ဖော် လည်ပတ်နိုင်အောင် လုပ်နိုင်မှာတဲ့လား။ ဥပဒေမှာ သူတို့ ကိုယ်ကျိူးစီးပွားအတွက် မသိမသာ၊ သိသိသာသာ အကျိူးဖြစ်ထွန်းမဲ့ အချက်အလက်တွေ ထည့်သွင်းထားတာ ရှိမရှိကလည်း အငြင်းပွားစရာပါ” ဟု CDM ရဲတပ်ကြပ် သန်းထွန်းဦးက ပြောသည်။
#စစ်ကောင်စီ #မူးယစ်လောင်းကစား #ဥပဒေပြင်ဆင် #လက်အောက်ခံတပ်ဖွဲ့ဝင်များကို #လုပ်ပိုင်ခွင့်တိုးချဲ့ပေး #Ayeyarwaddy_Times