ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ဘတ်ဂျက်လိုငွေပြနေသောစစ်ကောင်စီက ဂျပန်ရောက်မြန်မာလုပ်သားများ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရန်သတ်မှတ်ထားပြီး သက်သာခွင့်နှုတ်ပယ်၍ တစ်ရာခိုင်နှုန်းကို မဖြစ်မနေပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခွန်ငွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပေးဆောင်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် တစ်လပျှမ်းမျှဝင်ငွေ ယန်း ၂၀၀,၀၀၀ ရရှိသူ နှင့် ယန်း ၂၀၀,၀၀၀ အောက်ရရှိသူများဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကာ သက်သာခွင့်နှုတ်ပယ်၍ တစ်ရာခိုင်နှုန်းကို မဖြစ်မနေ ပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

“ ကျောင်းလာတတ်သူ၊ မှီခိုဗီဇာနဲ့သူတွေတော့မဆောင်ရဘူး။ ဒါပေမယ့်မှီခိုသူတွေက အလုပ်လုပ်တယ်။ ဝင်ငွေရှိ တယ်ဆိုရင်တော့ ဆောင်ရမယ်။ အဓိကကတော့ သူတို့ ( မြန်မာသံရုံး) နဲ့ passport စာအုပ်သက်တမ်းတိုးပြီ ဆိုရင်တော့အဲဒါတွေစကောက်ပြီ။ အဓိကကတော့ MOU တွေကိုပဲကြပ်မှာ။ MOU တွေဆီကပဲ ပိုက်ဆံထွက်မှာလေ ကျန်တဲ့သူဆီကမထွက်ဘူး” ဟု ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လုပ်ခလစာတစ်လလျှင် ယန်း ၂၀၀,၀၀၀ ရှိပါက လစာ၏ နှစ်ရာခိုင်နှုန်း ယန်း ၄၀၀၀၀ ပေးဆောင်ရ မည်ဖြစ်သော်လည်း သက်သာခွင့် ယန်း ၂၀၀၀၀ သတ်မှတ်ထားသဖြင့် အခွန်ဝင်ငွေ ယန်း ၂၀၀၀၀ ပေးဆောင်ရမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင်တစ်လလျှင် ယန်း ၂၀၀,၀၀၀ အောက်ရရှိသူ အလုပ်သမားများက ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ယန်း ၃၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး သက်သာခွင့် ယန်း ၂၀၀၀ နှုတ်ပယ်​ပေးပြီး ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

“ ဒါက ရှင်းရှင်းပြောရရင်တော့ ၁၂ လ အလုပ်လုပ်ပြီး တစ်လစာက သူတို့ ( စစ်ကောင်စီ) အတွက် သင်္ဂြိုဟ်စရိတ်ပေါ့” ဟု ဂျပန်ရောက်မြန်မာအလုပ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် ကောင်စစ်ဝင်ဆိုင်ရာလုပ်ငန်းများ၊ မြန်မာနိုင်ငံ့ကူးလက်မှတ် ( Passport) သက်တမ်းတိုးရာတွင် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင်မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သူများတွင် ကျွမ်းကျင်လုပ်သား( တိုခုတဲဂီနိုး) ဗီဇာ၊ training ဗီဇာဖြင့်သွားရောက်သူအများဆုံးဖြစ်ပြီး ယအဆိုပါအလုပ်အကိုင်များသည် လစာဝင်ငွေနည်းပါး ကြောင်းသိရသည်။

အာဏာသိမ်းစ်ကောင်စီသည် ပြင်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများထံမှ ချွေးနည်းစာများကိုဂုတ်သွေးစုပ်ယူနေပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးများက ဝင်ငွေခွန် ပေးဆောင်ပြီးမှ နိုင်ငံကူးလက်မှတ်သတ်တမ်းတိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဂျပန်နိုင်ငံ #မြန်မာလုပ်သားများ #လစာဝင်ငွေတစ်ရာခိုင်နှုန်း #စစ်ကောင်စီ #ဝင်ငွေခွန်ပေးရမည်
#Ayeyarwaddy_Times