
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
ဧရာဝတီတိုင်းတွင် စက်သုံးဆီ တရားမဝင်သိုလှောင်ရောင်းချသည်ဟုဆိုကာ တစ်ပိုင်တနိုင်စက်သုံးဆီအရောင်းချသည့် ၁၇ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးကာရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့်အရေးယူခံထားရကြောင်းသိရသည်။
ပုသိမ်မြို့ရှိ တစ်ပိုင်တနိုင်စက်သုံးဆီရောင်းချသူအမျိုးသား ငါးဦး၊ ကြံခင်းမြို့တွင် တစ်ပိုင်တနိုင်စက်သုံးဆီရောင်းချသူအမျိုးသား လေးဦးနှင့် မြန်အောင်မြို့ရှိ တစ်ပိုင်တနိုင်စက်သုံးဆီရောင်းချသူအမျိုးသား ရှစ်ဦးကို တရားမဝင်စက်သုံးဆီရောင်းချမှု နှင့်လိုင်စင်မဲ့ဟု အကြောင်းပြ၍ ပြီးခဲ့သည့် ဒီဇင်ဘာလ၂၀ ရက်နေ့က ဖမ်းဆီးကာရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ (၃၇) ဖြင့်အရေးယူခဲ့ကြောင်း တိုင်းစစ်ကောင်စီသတင်းအရင်းအမြစ်ထံကသိရသည်။
“မြို့နယ်သုံးခုကစက်သုံးဆီအိမ်ဆိုင်၁၇ဆိုင်ကိုဒီဇင်ဘာလ ၂၀ရက်နေ့က ဖမ်းဆီးထားတယ်။ကြံခင်း၊မြန်အောင်နဲ့ ပုသိမ်ကအရောင်းဆိုင်ရှင်တွေကိုဖမ်းလိုက်တာ။ မြို့နယ်စစ်ကောင်စီကနေဖမ်းဆီးခိုင်းတာပေါ့။ သူတို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ (၃၇)နဲ့အရေးယူထားတယ်”ဟု တိုင်းစစ်ကောင်စီသတင်းအရင်းအမြစ်ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်ဖမ်းဆီးခံရသူများကိုသက်ဆိုင်ရာမြို့နယ်ရဲစခန်း၌ထိန်းသိမ်းစစ်ဆေးကာ ဒဏ်ငွေ ကျပ်သိန်း၃၄၀ပေးဆောင်ခိုင်းသည့်အပြင်စက်သုံးဆီ (၇၀၀) ဂါလန်ကျော် နှင့်ရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းခဲ့ကြောင်းလည်းတိုင်းစစ်ကောင်စီသတင်းအရင်းအမြစ်ထံကသိရသည်
“ထပ်ရောင်းရင် ငွေဒဏ်သိန်း၂၀နဲ့ ထောင်ဒဏ် ငါးနှစ်ပါချမှတ်ခံရမယ်ဆိုပြီးတော့မြို့နယ်ထွေအုပ်ရုံးမှာလက်မှတ်ထိုးခဲ့ရတယ်။ ကိုယ့်ရင်းနှီးထားသမျှအကုန်သိမ်းခံလိုက်ရတော့ ဘာမှဆက်လုပ်လို့မရတော့ဘူး။ ဒါပေမဲ့အခြားစီပွားရေးပုံစံတော့ဆက်လုပ်ရတော့မှာပေါ့နော်။စက်သုံးဆီကတော့လုံးဝကိုခက်ခဲကုန်တာပေါ့လူတိုင်းလိုလိုဖြစ်နေပြီ”ဟု ကြံခင်းမြို့မှဖမ်းဆီးခံရသူစက်သုံးဆီဆိုင်ရှင်တစ်ဦးကဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အလိုက်တစ်ပိုင်တနိုင်စက်သုံးဆီရောင်းချသူများကိုဖမ်းဆီးရန်အတွက်ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ၌တိုင်းစစ်ကောင်စီမှမြို့နယ်စစ်ကောင်စီရုံးများကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
#ဧရာဝတီတိုင်း #တစ်ပိုင်တနိုင်စက်သုံးဆီအရောင်းဆိုင် #ပိုင်ရှင်၁၇ဦး #စစ်ကောင်စီမှဖမ်းဆီး
#Ayeyarwaddy_Times