
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
ပန်းတနော်မြို့နယ်ရှိ စျေးဆိုင်များတွင် ဆီရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများမှ လိုက်လံဖမ်းဆီနေပြီး ဖမ်းမိပါက ဒဏ်ရိုက်နေကြောင်း ဒေသခံများထံမှသိရသည်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်အတွင်း ကျေးရွာများရှိ စျေးဆိုင်များတွင် ရေသန့်ဘူးဖြင့်ရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများမှ လိုက်လံစစ်ဆေးနေပြီး ဖမ်းဆီမိပါက ဒဏ်ငွေ ၅,၀၀၀၀ ကျပ် အထိ တောင်းခံနေကြောင်း ပန်းတနော်မြို့နယ်ဒေသခံများက ပြောသည်။
“မြို့ပေါ်မှာတောင်ဆီကို အကန့်သတ်နဲ့ရနေတာ။ ရွာဘက်ကလူတွေက မြို့ပေါ်တတ်လာတဲ့အခါ ဝေးတဲ့နေရာကျတော့ ဘယ်လိုသွားမလဲ။ ရွာကဆိုင်တွေမှာ ဝယ်လို့ရနေတော့လည်း အခုလိုက်ဖမ်းနေတယ်။ အရက်ပုန်းဆိုင်တွေတော့မဖမ်းဘူး “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒီဇင်ဘာလအတွင်း စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုရွာလာခဲ့ပြီး ဒေသအတွင်း ဖူလုံမှုမရရှိသောကြောင့် လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာရာတွင်အခက်ခဲများရှိနေကာ အငှာယာဥ်စျေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“ဒီလထဲ သိသိသာသာကို ဆိုးရွားနေတာ လိုင်စင်မဲ့ဆီဆိုင်တွေကိုဖမ်းလိုက်တော့ ပြသနာက ဆီမရတော့ဘူး။ တစ်နေရာကနေ တစ်နေရာကိုသွားရင်တောင် ၄၀၀၀တန်တဲ့ခရီးက ၇၀၀၀ အထိဖြစ်လာတယ် ။ ကိုယ်ရှာတာကိုယ်မစားရတဲ့ အချိန်ပေါ့ဗျာ “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ပန်းတနော်မြို့နယ်တွင် လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များရှိသော်လည်း ဒေသခံပြည်သူများ အတွက် လုံလောက်အောင် ရောင်းချပေးနိုင်ခြင်းမရှိကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။
#ပန်းတနော်မြို့နယ် #စျေးဆိုင်များတွင် #ဆီရောင်းချနေသူများအား# စစ်ကောင်စီမှ လိုက်လံဖမ်းဆီး#