
ဧရာဝတီတိုင်းမ်
(မုန်း)၊ ဒီဇင်ဘာ ၂၁ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ မုန်းမြို့ဈေးကို စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခြင်းမပြုလုပ်မီ ရက်ပိုင်းအလိုကလည်း ဈေးရှိဆိုင်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ပြန်လည်ရောင်းချနေကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။
စစ်ကောင်စီတပ်များသည် မုန်းမြို့တိုက်ပွဲပြီးဆုံးပြီးနောက် မုန်းမြို့အတွင်း ပြန်လည်တပ်စွဲကာ ဝင်ရောက်မီးရှို့ခဲ့ပြီး ဈေးအတွင်းရှိပစ္စည်းများကိုဖျက်ဆီးယုံ သာမက စစ်ဘေးရှောင်ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ခိုးယူခြင်းများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
“စစ်ကောင်စီတပ်သားတွေကိုယ်တိုင် ပစ္စည်းတွေခိုးယူ၊ အိမ်တွေထွင်းဖောက်ပြီး မုန်းမြို့တစ်မြို့လုံး ဗြောင်းဆန်အောင်လုပ်နေတယ်။ အခုက မြို့ထဲမှာ သူတို့(စစ်ကောင်စီတပ်သား)တွေပဲရှိတာ။ လူမရှိတဲ့အိမ်တွေကို တံခါးတွေရိုက်ချိုးပြီး ပစ္စည်းတွေခိုးနဲ့လုပ်နေတယ်။ မုန်းမြို့ကတော်တော်များတော့ တိုက်ပွဲပြီးလို့မြို့ထဲ ပြန်လာနေကြတာရှိတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအခါမုန်းမြို့အတွင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ခမရ-၅၉၀၊ ခမရ-၅၉၉ တပ်ရင်းများတွင်လည်း စစ်ကောင်စီက အင်အားအများအပြားဖြင့် ပြန်လည်တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေထိန်းချုပ်ထားခြင်းမရှိကြောင်း သိရသည်။
“စစ်ကောင်စီက မီးရှို့တယ်လို့လဲပြောနေကြတယ်။ သူ့ဟာသူ မီးလောင်တာလဲဖြစ်နိုင်တယ်။ မသေချာဘူး။ လက်နက်ကြီးကျပြီး မီးလောင်တာတော့မဟုတ်ဘူး” ဟု မုန်းမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မုန်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း၊ တပ်စခန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၈ ရက်ကစတင်၍ စစ်ကူအများအပြားပို့ဆောင်ခဲ့ပြီး လေကြာင်းအသုံးပြုကာ မုန်းမြို့နှင့် အနီးတဝိုက်နေရာများတွင် ပြန်လည်တပ်စွဲထားကြောင်း သိရသည်။
ဓာတ်ပုံ − ကရင်အမျိုးသားအစည်းအရုံး။
#မုန်း #မုန်းမြို့ဈေး #စစ်ကောင်စီမီးရှို့ #လုယက်ဖျက်ဆီး #စစ်ကောင်စီတပ်သား #KNLA #Ayeyarwaddy_Times