
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့၏ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ရသည်ဟု ဒေသခံများထံက သိရှိရသည်။
ဒီဇင်ဘာ ၁၈ ရက် ညနေ့ ၁၀ နာရီချိန်ခန့်မှစ၍ ပလက်ဝမြို့ တစ်ဖက်ကမ်းရှိ စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်း နှင့် အဘောင်သားကျေးရွာ တောင်ကုန်းတွင်ရှိသည့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်ကြရာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်တွင် ပလက်ဝ၊ မြို့မရပ်ကွက်ရှိ ရဲစခန်း နှင့် နှစ်ခြင်းဘုရားကျောင်းအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရှိရသည်။
” ညနေ့ ၁၀ နာရီလောက်က လက်နက်ကြီးတွေ ဟိုဘက်၊ ဒီဘက် အဆက်မပြတ် ပစ်ခတ်နေတယ်။ မနက် ၁ နာရီလောက်ကျတော့ ရဲစခန်းနဲ့ ဘုရားကျောင်းနားက ရေကန်ဟောင်းမှာ လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲပြီး တစ်မြို့လုံး အသံတုန်သွားတယ်။ ဆရာမ သုံးဦး ဒဏ်ရာရတယ်။ အိမ်တစ်လုံး ပျက်စီးသွားတယ်။ ဘယ်သူပစ်တာလည်းတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် အမျိုးသမီး သုံးဦးသည် ဆေးရုံးဝန်ထမ်း တစ်ဦးနှင့် ကျောင်းဆရာမ နှစ်ဦးဖြစ်ပြီး အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့် လက်နက်အဖွဲ့စည်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်သည်ကို မသိရဘဲ မြို့နေပြည်သူများသည် မြို့တွင်းတိုက်ပွဲဖြစ်မည်ကို စိုးရိမ်သောကြောင်း မြို့ကိုစွန့်ခွာပြီး ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြသူ ပိုများလာနေသည်ဟု သိရသည်။
ဒီဇင်ဘာလအတွင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင် လက်နက်ကြီးကျည် သုံးကြိမ်ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်မူ စုစုပေါင်း လေးဦး၊ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်လုံးနှင့် စည်ပင်ရုံးအချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
ထို့အပြင် ဒီဇင်ဘာ ၁၉ ရက်ကလည်း ပလက်ဝမြို့နယ် ချင်းလဲန်ကာကွယ်ရေးတပ်-ဒိုင်ရ် ထိန်းချုပ်နယ်မြေအတွင်းရှိ ဟုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွာခြင်းမရှိပဲ လေယာဥ်ဖြင့် ခြောက်ကြိမ်ခန့်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်ဟု CDF (ဒိုင်ရ်)ထံက သိရှိရသည်။
#ပလက်ဝ #စစ်ကောင်စီ #ရခိုင်တပ်တော်AA
#လက်နက်ကြီးပစ်ခတ်မှု #အရပ်သားသုံးဦးဒဏ်ရာရ
#Ayeyarwaddy_Times