
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ချက်သည် စစ်ကောင်စီ၏ လိမ်လည်လှည့်ဖြားမှုများကို ပြသလိုက်ခြင်းဖြစ်သလို နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာ၏ ထောက်ခံမှုများ ပိုမိုတိုးပွားလာသည့် နိမိတ်လက္ခဏာပင်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြော ကြားသည်။
(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ယခုလ ဒီဇင်ဘာ ပထမပတ်အတွင်းက စတင်ကျင်းပခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှုကို စိစစ်ရေးကော်မတီက ဆိုင်းငံ့ခဲ့သည်။
ထိုသို့ ဆိုင်းငံ့ခဲ့ခြင်းကြောင်း NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေ မည်ဖြစ်ကြောင်း သိရသည်။
“စိစစ်ရေး ကော်မတီမှာ ပါဝင်တဲ့ နိုင်ငံတွေအကုန်လုံးက ကန့်ကွက်တဲ့သူ မရှိဘဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ
စိစစ်ရေးကော်မတီမှာဆိုရင် အမေရိကန်၊ တရုတ် နဲ့ ရုရှားနိုင်ငံတို့လည်း ပါပါတယ်။ ကော်မတီမှာပါတဲ့ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ခွင့်ရဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုအရာသည် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ/သားများက သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ၎င်းတို့၏ ကိုယ်စားလှယ် ဖြစ်သည်ဆိုခြင်းကို ကမ်ပိန်းများ၊ သဘောထား ဆန္ဒများ၊ စာရေးသားခြင်းများ စသည့် ဆောင်ရွက်မှုများဖြင့် ထောက်ခံခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် Credential Committee မှ နိုင်ငံ့ကိုယ်စားလှယ်များ သိရှိအောင် ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးေကျာ်ဇောက ဆိုသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စိစစ်ရေး ကော်မတီ – Credential Committee သည် မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုရန် NUG နှင့် စစ်ကောင်စီတို့က တင်သွင်းခဲ့ကြောင်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခု စစ်ကောင်စီက ဆိုရင်လည်း ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ လူသားချင်းစာနာ အထောက်အကူတွေ ပြုနိုင်ဖို့အတွက်ကို မြန်မာနိုင်ငံကိုလာပြီး သူတို့နဲ့ တွေ့ဆုံတဲ့ဟာကို သူတို့ကိုပဲ အသိအမှတ်ပြုတဲ့ ပုံမျိုးနဲ့ ဓာတ်ပုံတွေ အမျိုးမျိုးရိုက်ပြီးတော့ သတင်းတွေ ထုတ်ပြန်တယ်။ အဲဒါက လိမ်လည်လှည့်ဖြားတဲ့ ဟာဆိုတာကို ဒီဆုံးဖြတ်ချက် တစ်ခုတည်းကနေ ပြသခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရဆိုရင် မြန်မာနိုင်ငံကို ကိုယ်စားပြုတာဟာ စစ်ကောင်စီရဲ့လူ မဟုတ်ဘူးဆိုတာ ကုလသမဂ္ဂက ပြတ်ပြတ်သားသား ဖယ်ရှား ပြသခဲ့တယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
ယင်းဆုံးဖြတ်ချက်သည် စစ်ကောင်စီအတွက် သံတမန်ရေးရာ၊ နိုင်ငံရေးရာ ရှုံးပွဲဖြစ်ပြီး ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအတွက် အောင်ပွဲတစ်ခုဖြစ်သည်ဟု NUG က ဆိုထားသည်။
ထို့အပြင် ပြည်သူလူထု၏ ဆန္ဒ၊ နွေဦးတော်လှန်ရေး၏ အခြေအနေ မှန်နှင့် ြမန်မာပြည်တွင် စစ်ကောင်စီ၏ အကြမ်းဖက်နေမှုများအပေါ် ကမ္ဘာ့စာမျက်နှာ၌ ဖော်ပြပြောကြားနိုင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အခွင့်အလမ်းရရှိခဲ့ကြောင်း NUG သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
“ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီး အသိအမှတ်ပြုမှုဆိုတာက အခုမြန်မာပြည်မှာရှိနေတဲ့ နွေဦးတော်လှန်ရေးနဲ့ စစ်ကောင်စီတို့ရဲ့ ပဋိပက္ခအခြေအနေအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာရဲ့ ထောက်ခံမှု ပိုမိုပြီး တိုးပွားလာတဲ့ နိမိတ်လက္ခဏာပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဆိုပါဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ ပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အခြေအနေကို အမှန်အကန်ဆုံးနှင့် အနီးကပ်ဆုံး ပိုမိုသိရှိနိုင်ရန် အထောက်အကူပြုလိုက် နိုင်ခြင်းပင်ဖြစ်သည်ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
ယင်းအပြင် ဦးကျော်မိုးထွန်းပင် ဆက်လက်ရှိနေခြင်းကြောင့် မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးတိုက်ပွဲများ၊ ပဋိပက္ခများ၏ အခြေအနေအမှန်ကို နိုင်ငံတကာက သိရှိနားလည်၍ စာနာထောက်ခံမှုများ ပိုမိုရလာမည့် အခြေအနေရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ Credential Committee ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် နောက်ထပ်သက်တမ်း (၁)နှစ် ဆက်လက်ထားရှိရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ကုလသမဂ္ဂ ကိုယ်စားပြု စိစစ်ရေး ကော်မတီ(UN Credentials Committee) အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်သည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း အာဏာသိမ်း စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရရန် ဆွေးနွေးသဘောတူ၍ တားဆီးခဲ့ကြောင်း သိရသည်။
ပုံစာ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း
#ဦးကျော်မိုးထွန်း #ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားပြု #နိုင်ငံတကာထောက်ခံမှု #ပိုမိုတိုးပွား #Ayeyarwaddy_Times