ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတက်ရန်ကာလတိုချေးငွေအဖြစ် လယ်ယာမြေ ၁၀ ဧကပိုင်ဆိုင်သည့် တောင်သူများကို တစ်ဧကလျှင် ကျပ် လေးသိန်းနှုန်းထုတ်ချေးပေးမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်( MRF) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များညှိနှိုင်းပြီး လယ်မြေဧက ၁၀ အထက်ပိုင်ဆိုင်သော တောင်သူများအနေဖြင့် လယ်ဧက ၁၀၀ ထိချေးနိုင်ကာ
တစ်ဧကလျှင် လေးသိန်းနှုန်းဖြင့် တစ်နှစ်လျှင် အတိုး ၁၀ ရာခိုင် နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

” ကျွန်တော်က ဧက ၅၀၀ ရှိတာဆိုတော့ jica ချေးငွေယူထားတယ်။ ချေးပေးတာကောင်းပါတယ်။ အရင်းအနှီးရတယ်လေ ” ဟု ကျိုက်လတ်မြို့နယ်ရှိ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါချေးငွေရယူလိုသူများက ပုံစံ ၇ မူရင်းကိုအာမခံအဖြစ်တင်ပြလျှောက်ထားရမည်ဖြစ်ပြီး စပါးသီးနှံ တစ်ရာသီစာ ၄ လမှ ၅ လအထိ ချေးငွေကာလထားရှိရမည်ဖြစ်ကာ လျှောက်လွှာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတဆင့် သက်ဆိုင်ရာဘဏ်များထံ စိစစ်ပေးပို့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကာလတိုချေးငွေရယူလိုသောတောင်သူများသည် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်သို့ email လိပ်စာ [email protected] ​ဖြင့်လည်းကောင်း Viber Phone နံပါတ် 09 400067240 သို့လည်းကောင်း လျှောက်လွှာဖောင်ဖြည့်၍ ပေးပို့လျှောက်ထားနိုင်ကြောင်း MRF က ထုတ်ပြန်သည်။

အရပ်သား အစိုးရ NLD လက်ထက် ၂၀၁၆ ခုနှစ်တွင် အမတော်ကြေး လယ်တစ်ဧက တစ်သိန်းခွဲကျပ်နှုန်းဖြင့် တောင်သူများကိုထုတ်ချေးပေးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဆန်စပါးအသင်းချုပ် #လယ်ယာမြေ၁၀ဧကပိုင်ဆိုင် #တောင်သူများ #ကာလတိုချေးငွေ #Ayeyarwaddy_Times