
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဒီဇင်ဘာ ၂၁ ရက်
သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်တော့သည့်အတွက် လက်နက် ခဲယမ်းနှင့်တကွ ဒီဇင်ဘာလ ၁၂ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ၏ တာဝန်ရှိသူထံမှသိရသည်။
အလင်းဝင်ရောက်လာသည့် ရဲတပ်သားသည် သရက်ချောင်းမြို့နယ်အတွင်းရှိ ဝင်းဝရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဖြစ်ပြီး G3 အမျိုးအစားသေနတ်တစ်လက် ၊ကျည်ပေါက်လေး ခု၊ ကျည်တောင့် ၂၀၀ ကို ယူဆောင်လာပြီး ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် တို့ စာကပ်ပြီး တစ်လကျော်အတွင်း မှာပဲ ဝင်းဝရဲစခန်းက ရဲတပ်သား အလင်းဝင်ရောက်လာခဲ့တာပါ။ဖုန်းဆက်ပြီး အလင်းဝင်ရောက်ချင်တဲ့ အကြောင်းပြောလာတာပါ။ ဖုန်းဆက်လိုက်ရင် နီးစပ်တဲ့ နေရာတွေ အထိ ကျနော်တို့ လိုက်ကြိုပေးပါတယ်” ဟု ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူ့ရင်ခွင်ထံ ခိုလှုံပြီး အလင်းဝင်ရောက်လာသည့် CDM ရဲတပ်သားကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ မှနွေးထွေးစွာကြိုခဲ့ကြကာ ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သား နှင့် ရဲတပ်သားများ အနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပြီး CDM ပြုလုပ်ကြရန် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။
ပုံစာ-အလင်းဝင်ရောက် လာတဲ့ ရဲဲတပ်သား။
#သရက်ချောင်း #ဝင်းဝရဲစခန်း #ရဲတပ်သား #လက်နက်ခဲယမ်း #အလင်းဝင် #ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ #Ayeyarwaddy_Times