ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

ဧရာ၀တီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့တွင် ဒီဇင်ဘာလ ၂၀ရက်နေ့ ညနေပိုင်းက ကျောင်းမှပြန်လာသည့် ရှစ်တန်းကျောင်းသားတစ်ဦး မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ကာ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

“ကျောင်းသားလေးတွေ ကျောင်းအပြန် ရေဆင်းကူးကြတယ်ထင်တယ်။ ကလေးတစ်ယောက် အော်ပြီးအကူအညီတောင်းမှ ရေနစ်မှန်းသိကြတာ။ ကယ်ဖို့အချိန်တောင်မရလိုက်ပါဘူး ခုထိလဲရှာမတွေ့သေးဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရေနစ်ပျောက်ဆုံးသွားသူမှာ မြို့မ(၉)ရပ်ကွက်၊ အောင်သုခလမ်းနေ အသက်(၁၅)နှစ်အရွယ်ရှိ (၈)တန်းကျောင်းသား မောင်ပိုင်မင်းသူ ဖြစ်ပြီး စော်ကဲမြစ်ကူးတံတားအောက်တွင် ကျောင်းမှအပြန် သူငယ်ချင်းများနှင့် ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။

လက်ရှိတွင် ရေနစ်ပျောက်ဆုံးနေသော ကျောင်းသား ကို မြစ်အတွင်း လိုက်လံရှာဖွေ နေပြီး ယနေ့အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရှိရသည်။

#မော်လမြိုင်ကျွန်းမြို့ #မြစ်အတွင်းရေဆင်းကူးသည့် #၈တန်းကျောင်းသား #ရေနစ်ပျောက်ဆုံး #Ayeyarwaddy_Times