နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဟင်္သာတ)၊ ဇူလိုင်လ ၂၇ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့မှာ ဇူလိူင်လ ၂၆ ရက်နေ့ညက စစ်ကောင်စီဒေါက်တိုင်နေရာ ၄ ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဥ်းဦးစီးဂိတ်ဝ ၊ဟင်္သာတ ရဲစခန်းနှင့် အကျဥ်းစီးဌာနထောင့်ကြားနေရာများမှာ တစ်နေရာကို မိုင်းနှစ်လုံးစီဖြင့် စုစုပေါင်းမိုင်း ရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ တာဝန်ရှိသူဗိုလ်ဧရာနဂါးက ဆိုပါတယ်။
“တစ်နေရာကို နှစ်လုံးစီနဲ့ စုစုပေါင်း မိုင်း ရှစ်လုံး ခွဲခဲ့တာပါ။ ပထမဆုံးအလုံးက ည ၇ နာရီ ၂၃ မိနစ်မှာခွဲတာ။ အဲ့ဒီအလုံးက မျှားခေါ်တဲ့အလုံးပေါ့။ ဒုတိယနဲ့ တတိယ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ အကျဥ်းဦးစီးဂိတ်မှာ ပေါက်တဲ့အလုံးတွေမှာ ကျွန်တော်တို့မိုင်းကွင်းထဲကို စစ်သားနဲ့ရဲတွေ ကွက်တိဝင်လာတာဆိုတော့ ကျိန်းသေထိခိုက်မှုများနိုင်တယ်၊ လေး လုံးမြောက်ကတော့ ၈ နာရီ ၃၃ မိ နစ်မှာ ကျွန်တော်တို့ ဘေးကင်းတဲ့နေရာရောက်မှ အဝေးထိန်းစနစ်နဲ့ ခွဲခဲ့တာပါ” လို့ ဗိုလ်ဧရာနဂါးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲမှုအပြီးတွင် ပြောက်ကျားတပ်ဖွဲ့နဲ့စစ်ကောင်စီတို့တွေ့ဆုံကာအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဘက်ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုပါတယ်။
မနေ့ကညက မိုင်းခွဲတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့၀င် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး လူနာတင်ကားတွေနဲ့ တင်ဆောင်သွားတာကိုမြင်တွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။
“ဟင်္သာတရုံးကြီး ရပ်ကွက်နားမှာ ဗုံးကွဲလို့လှည့်ကင်းအဖွဲ့ကသွားစစ်တာမှာ သူတို့ရောက်မှ နောက်တစ်လုံးထပ်ခွဲတာထိသွားတဲ့ ရဲ ၂ ဦးတော့ ဆေးရုံရောက်နေတယ်။ ကျန်တာတွေတော့ မသိဘူး”လို့ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များအားလုံး ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဖောက်ခွဲမှုများ ပစ်ခတ်မှုများကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည့် ပြည်သူများအား လေးလေးနက်နက် တောင်းပန်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။