ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်ကစလို့ ​မြေပြင်၊ဝေဟင်ကနေ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်​ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“အခုမနက် ၁၀ နာရီလောက်က စစ်ကားနှစ်စီးနဲ့ ဝင်လာကြတာ။တိုက်လေယာဥ်တစ်စီးလဲ ပျံနေတယ်။ခြေလျှင်စစ်ကြောင်းနဲ့လေကြောင်းပါ စစ်ကြောင်းထိုးတာပါ။ ရှိတဲ့အဝတ်အစားနဲ့အစားသောက်လေးတွေ ယူပြီးပြေးကြရတာ။သူတို့လာတဲ့အနီးအနားကရွာတွေလူတွေလဲ ပြေး​နေကြရပြီ။ခုဆို ရွာထဲတွေမှာ လူမရှိတော့ဘူး”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဆားလင်းကြီးနယ်၊ ပိုင်းတောင်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနေတာဖြစ်ပြီး ၎င်း ကျေးရွာအနီးရှိ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာ၊ ရွာသစ်ရွာအတွင်းရှိ ဒေသခံပြည်သူတွေဟာလည်း ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဇွန်လ ပထမပတ်ကလည်း မိုးကြိုးပြင်(မြောက်)ကျေးရွာ၊ ဆည်တဲ၊ စတဲ့ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လို့ လူဦးရေ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ထို့ပြင် တုံရွာကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့က အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ကာ တုံရွာ (ရွာမ) နှင့် တောကျောင်းကျေးရွာက အိမ်ခြေ ၃၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဓာတ်ပုံ-ပေးပို့