ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မမိလို့ မသက်ဆိုင်တဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

.ကံကော်မြိုင်ရပ်ကွက် ပတ်လမ်းမှာနေထိုင်တဲ့ နေအိမ် တအိမ်ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက်အစောပိုင်း စစ်ကောင်စီတပ်သားတွေအင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ သူတို့က ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကိုလိုက်ဖမ်းနေတာ မမိတော့ အိမ်မှာတွေ့တဲ့သူကို ဖမ်းတာ မနေ့ညက အင်အား ၃၀ လောက်နဲ့ ကျွန်တော်အိမ်လာဝိုင်းတာ ကျွန်တော်ကိုမတွေ့တော့ အစ်မကို ဖမ်းသွားတယ်”လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက မနက်အစောပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးရဲ့နေအိမ်ကို ဝင်ရောက် စီးနင်းပြီး သူတို့လိုချင်တဲ့သူမတွေ့လို့ နေအိမ်မှာရှိနေတဲ့ မခင်သက်နွယ်၊ ကိုရဲခေါင်စိုးနဲ့ ကိုမန်းကြီးတို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

မြောင်းမြမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ညွှန်ကြားချက်နဲ့ လိုက်ဖမ်းနေတာဖြစ်ပြီး မမိရင် မိသားစုဝင်တွေကို ဖမ်းဆီးတာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။