
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားတပ်မတော်(SNA)က ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားသည့် ရွှေမျောဖောင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ မျော
ပိုင်ရှင်များကို ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီသည် ရွှေမျောပိုင်ရှင်များကို ယခုအချိန်အထိ ဆက်လက် ဖမ်းဆီးထားပြီး ရှမ်းနီတပ်နှင့် စစ်ကောင်စီတပ်တို့ အကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံက သိရသည်။
“လက်ရှိအချိန်တော့ညှိနှိုင်းနေကြတုန်းပဲ။ သိပ်အဆင်မပြေကြသေးဘူး။ အဓိကဖြစ်တဲ့ပြဿနာက အဝေမသင့်ဖြစ်ကြပြီး ပြဿနာတက်ကြတာ။ မြစ်ထဲမှာရှိတဲ့ မျောဖောင်တွေကို စစ်ကောင်စီတပ်ကတောင်းလိုက် ရှမ်းနီတပ်ကတောင်းလိုက် သူတို့အချင်းချင်းရှုပ်နေကြတာ။ စစ်တပ်က မရတော့ မျောဖောင်တွေကို ၀င်မီးရှို့ပြီး ဖမ်းသွားတာ။ လက်ရှိကတော့ လုပ်သားတွေကိုပြန်လွှတ်ပေးလိုက်တယ်။ ရွှေမျောဖောင်ပိုင်ရှင် (ပေါ်လိမ်) တွေကိုပြန်မလွှတ်ဘူး”ဟု နောင်ပိုအောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွှေမျောဖောင်ပိုင်ရှင်များသည် လစဥ်တိုင်း ရှမ်းနီ အမျိုးသားတပ်မတော်(SNA)ကို ဖောင်တစ်စီးလျှင် ကျပ်သိန်း ၅၀ ပုံမှန်ဆက်ကြေးပေးသွင်းကာ ရွှေမျော
များလုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ရွှေမျောများကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့၍ ရွှေမျောဖောင်ပိုင်ရှင်များနှင့် အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ရွှေမျောဖောင်လုပ်သားများကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ မီးမရှို့ဘဲ ချန်လှပ်ထားခဲ့သည့် ရွှေမျောဖောင်များကို ပိုင်ရှင်များက တစ်စီးလျှင် သိန်း ၄၀၀ ဖြင့် ပြန်လည်ရွေးယူရမည်ဟု ပြောဆိုထားပြီး ေမျာပိုင်ရှင်များက ပြန်လည်ရွေးယူနိုင်ခြင်းမရှိကြောင်းသိရသည်။
“အဖမ်းမခံရတဲ့ ရွှေမျောဖောင်ပိုင်ရှင် (ပေါ်လိမ်)အချို့တော့ တိမ်းရှောင်နေကြတယ်။ ရွှေမျောဖောင် ကုမ္ပဏီပိုင်ရှင်တစ်ဦးကိုတော့ သိန်း ရှစ်ရာ(၈၀၀) တောင်းယူပြီး စစ်ကောင်စီတပ်မှ ပြန် လွှတ်ပေးလိုက်တယ်” ဟု ရွှေမျောဖောင်လုပ်ကိုင်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နောင်ပိုအောင်ရှိ စစ်ကောင်စီတပ်ခေါင်းဆောင်နှင့် ရှမ်းနီအမျိုးသား တပ်မတော် (SNA) ခေါင်းဆောင်တို့သည်မျောဖောင်မီးရှို့ဖျက်ဆီးသည့် ကိစ္စနှင့် မျောပိုင်ရှင်များအား ဆက်လက်ဖမ်းဆီးထားမှုတို့ကို ညှိနှိုင်းနေသော်လည်း ယနေ့ (ဒီဇင်ဘာ ၂၀)ရက်နေ့အထိ ပြေလည်မှု မရှိသေးကြောင်း ရှမ်းနီတပ်နှင့် နီးစပ်သူထံက သိရသည်။
ဟုမ္မလင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၆၉ မှ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် ရှမ်းနီ(SNA)တပ်များသည် ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဥ်များကို မကြာခဏဆိုသလို အဓမ္မ ဆက်ကြေးတောင်းယူနေပြီ ဖမ်းဆီးနှိပ်ဆက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
#နောင်ပိုအောင် #ရှမ်းနီSNA #ဆက်ကြေးကောက်ယူ #ရွှေမျောဖောင်ပိုင်ရှင်များ #စစ်ကောင်စီတပ်ဆက်လက်ဖမ်းဆီး #စစ်ရေးတင်းမာ #Ayeyarwaddy_Times