
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း ခမရ (၂၇၅)တပ်ရင်း နှင့် စစ်ကောင်စီ တပ်စခန်းများကို ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ယနေ့နံနက်ပိုင်းက စတင်၍ မြ၀တီမြို့ သင်္ဃန်းညီနောင်၊ ဗျူဟာကုန်း ရွာသစ်အနီးရှိ သင်္ဃန်းညီနောင်ရဲစခန်း၊ ဖားချောင်းရွှေမြစန္ဒီ ကွက်သစ်တို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူကာကွယ်ရေး တပ်မတော်(PDF) ပူးပေါင်း တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲတွေကတော့ဖြစ်နေတယ်။ မနက် ၅ နာရီလောက်ကတည်းကကြားနေရတာ။ နှစ်ဖက် ထိခိုက်မှုအခြေနေမသိရသေးဘူး။ စစ်ကောင်စီ ၊ BGF ပူးပေါင်းအဖွဲ့နဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်နေတာ” ဟု မြဝတီမြို့ပေါ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များသည် ယနေ့ နံနက် ၈ နာရီခန့်က မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး ထိခိုက်မှုအခြေနေကိုမူ သိရှိရခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်လမ်းပိုင်းရှိ ကော့နွဲ့တံတား မိုင်းခွဲဖျက်စီးခံရပြီးနောက် စစ်ကောင်တပ်များသည် ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့အတွင်း ဝင်ရောက်သည့် လမ်းပိုင်းများကို ပိတ်ဆို့ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ- ကရင်ပြည်နယ်တွင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို တွေ့ရစဉ် (ပုံဟောင်း)
#မြဝတီမြို့ #ခမရ၂၇၅တပ်ရင်း #စစ်ကောင်စီတပ်စခန်းများ #တော်လှန်ရေးတပ်ဖွဲ့များ #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times