ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ၏ စခန်းသစ် ဗျူဟာကုန်းကို TNLA (တအာင်းတပ်မတော်) နှင့် မဟာမိတ်အဖွဲ့များမှ ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း TNLA တပ်၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ စခန်းသစ်ဗျူဟာကုန်းကို မဟာမိတ်အဖွဲ့များက ရက် ၄၀ ကျော် တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ ဒီ ဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းအချိန်က သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းကုန်းသည် နမ့်ခမ်းမြို့၏ တစ်မိုင်ခန့် အကွာတွင်ရှိကာ စစ်ကောင်စီတပ်မှ နောက်ဆုံးခုခံ တိုက်ခိုက်နေသည့် နေရာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့ ၃ ရက်အကြာဆွေးနွေး ညှိနှိုင်းအပြီး စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ည ၁၀ နာရီခန့်တွင် စခန်းကိုစွန့်ခွာပေးခဲ့ပြီး TNLA ဘက်မှ စခန်းစွန့်ခွာလာသူများကို မူဆယ် ဘက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း TNLA တပ်၏ စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

မဟာမိတ်အဖွဲ့များသည် နမ့်ခမ်းမြို့ကို ပြီးခဲ့သည့် နို၀င်ဘာ ၇ ရက်နေ့ကတည်းက ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီ၏ စခန်းသစ်ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စခန်းသစ်ဗျူဟာကုန်းတွင် ရဟတ်ယာဉ်ကွင်းရှိပြီး အဆိုပါ စခန်းအတွင်း အင်အား ၁၀၀ ခန့်ရှိ အမြောက်တပ်က အခိုင်အမာခုခံ နေသောကြောင့် မဟာမိတ် တပ်ဖွဲ့များ ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ခိုက်ခဲ့ရသည်။

ညီနောင်မဟာမိတ်တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီဘက်မှ လေယာဉ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း ရက် ၄၀ ကျော်အကြာတွင် ဆက်လက်ခုခံနိုင်ခြင်းမရှိတော့၍ ဗျူဟာကုန်းကို လက်လွှတ်ပေး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် စခန်းသစ်‌ဗျူဟာကုန်းအတွင်း မဟာမိတ်တပ်ဖွဲ့များက ရှင်းလင်း ရေး လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်မှ သေဆုံးစာရင်း၊ ဒဏ်ရာရရှိသူများနှင့် အရှင်ဖမ်းမိသူများ၏ အသေးစိတ်အချက်အလက်များကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ အရေးပါသည့် နမ့်ခမ်းမြို့ စခန်းသစ် ဗျူဟာကုန်း၊ မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းနှင့် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းဂိတ် တို့သည် မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ၏ ဆက်တိုက်သိမ်းပိုက်ခံခြင်း ခံနေရသည်။

ကိုးကန့်တပ်မတော် (MNDAA) သည် တရုတ်နယ်စပ်၀င်ပေါက်ဖြစ်သည့် လောက်ကိုင်ရှိ ရန်လုံကျိုင်းဂိတ်ကို သေနတ်ပစ်ဖောက်ခြင်းပင်မရှိဘဲ ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုံ(၁)- MNDAA က ထိန်းချုပ်နိုင်ခဲ့သည့် လောက်ကိုင်ရှိ ရန်လုံကျိုင်းဂိတ်ကို တွေ့ရစဉ် (၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်)
ပုံ(၂)-မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်း
ပုံ(၃)-မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့မှတပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #နမ့်ခမ်းမြို့ထိန်းချုပ် #စခန်းသစ်ဗျူဟာကုန်း #သိမ်းပိုက် #ညီနောင်မဟာမိတ် #TNLA #Ayeyarwaddy_Times