
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာ ၁၉ ရက်
မြိတ် – ကော့သောင်း လမ်းပိုင်းကို တောင်ပိုင်းညီနောင်တပ်ပေါင်းစု (SBA)စစ်ကြောင်းက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KTLA -tcjf က ထုတ်ပြန်သည်။
မြိတ်-ကော့သောင်းလမ်းပိုင်းဖြစ်သည့် တနင်္သာရီမြို့နယ် စစ်ကောင်စီနည်းဗျူဟာအနီးရှိ ရေဖြူရွာ နှင့် တားပလတ်ရွာများကို အခုလ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ထုံခါ – မောတောင်လမ်းပိုင်းကိုမူ ကော်သူလေးအာမီ (KTLA) ကလွန်ခဲ့သည့် ဇူလိုင်လ ကတည်းက ထိန်းချုပ်ထားကြောင်းသိရသည်။
“အခု ကျွန်တော်တို့ နယ်မြေစိုးမိုးထားတာကို ပြည်သူတွေကို သိစေချင်တယ်။ နယ်မြေစိုးမိုးမှုကို ကျွန်တော်တို့ ရဲဘော်တွေ တဖြေးဖြေးနဲ့တို့ချဲ့သွားဖို့ရှိပါတယ်”ဟု KTLA -tcjf ၏ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ တောင်ပိုင်းညီနောင် တပ်ပေါင်းစုစစ်ကြောင်းမှ ထိန်းချုပ်ထားသည့် နေရာသည် စစ်ကောင်စီ ဗျူဟာနှင့် ရေဖြူချောင်း တစ်ခုသာခြားထားပြီး ကိုက် ၁၅၀၀ ခန့် သာကွာဝေးကြောင်းသိရသည်။
တောင်ပိုင်းညီနောင် တပ်ပေါင်းစုစစ်ကြောင်းသည် အနီးအနားရှိ ခရီးသွား ပြည်သူများကို သာမန်အားဖြင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခြင်းမရှိဘဲ ထူးခြားမှုရှိပါက ဟိုင်းဝေးလမ်းမပေါ်ရှိ ခရီးသွားပြည်သူများကို ခွင့်ပြုချက်တောင်းခံ၍ စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဆိုထားသည်။
“အခုအနေထားက စစ်ကောင်စီ နည်းဗျူဟာနဲံ အနီးဆုံးမှာ ကျွန်တော်တို့ရှိနေပါတယ်။ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု KtLA -tcjf ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ဧရာဝတီတိုင်းကို ပြောသည်။
ထိုကြောင့် ခရီးသွားပြည်သူလူထုများအနေဖြင့် စစ်ရေးလှုပ်ရှားမှု သတင်းများကို နားစွင့်ပြီးစစ်ရေးသတိရှိစွာ သတိထားသွားလာကြဖို့ ကိုလည်း တောင်ပိုင်းညီနောင် တပ်ပေါင်းစုစစ်ကြောင်း (SBA) မှ မေတ္တာရပ်ခံထားသည်။
တောင်ပိုင်းညီနောင်တပ်ပေါင်းစုစစ်ကြောင်း (SBA) ကို kTLA -tcjf ၊ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းနဲ့ People Liberation Army (PLA) တို့ ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့ က ပူးပေါင်းဖွဲ့စည်းခဲ့သည်။
ပုံစာ-တောင်ပိုင်းညီနောင်တပ်ပေါင်းစု စစ်ကြောင်းမှ ထိန်းချုပ်ထားသည့်မြင်ကွင်း
#တနင်္သာရီမြိတ်ကော့သောင်းလမ်းပိုင်း #တောင်ပိုင်းညီနောင်စစ်ကြောင်း #ထိန်းချုပ် #Ayeyarwaddy_Times