
နိုင်း/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားအနေဖြင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း (၂%) ပေးဆောင်ရမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ အခွန် နှစ်ရာခိုင်နှုန်း ကောက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံချုပ်ဆိုထားသည့် အခွန်နှစ်ထပ် မကျသင့်စေရေးစာချုပ်ကို ဖောက်ဖျက်ခြင်းပင် ဖြစ်ပြီး ထိုင်းနိုင်ငံရှိ အဖွဲ့အစည်း အချို့က ထိုင်းလွှတ်တော်သို့ တင်ပြရန်ပြင်ဆင်နေကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများထံက သိရသည်။
“ထိုင်း-မြန်မာသဘောတူညီမှုမှာ နှစ်ဖက်အခွန်ကောက်လို့မရဘူးဆိုတဲ့ သဘော တူညီမှုမျိုးရှိတယ်။ ထိုင်းရောက်မြန်မာနိုငံသားတွေက စာအုပ်ဖိုးတွေ၊ ဗီဇာဖိုးတွေ၊ နေထိုင်ခွင့်တွေ၊ ပန်းရောင်ကတ်လုပ်တာတွေက ထိုင်းအစိုးရကိုအခွန် ပေးပြီးတော့ နေထိုင်တာဖြစ်တယ်။ အဲ့ဒါကို ဒီဘက်က လာကောက်တာက နှစ်နိုင်ငံ သဘောတူထားတာကိုချိုးဖောက်ရာ ရောက်တယ်။ ပြီးတော့ ပြည်ပရောက် မြန်မာ လုပ်သားတွေကို ကျွန်တော်သိရသလောက်တော့ ဘာအခွန်မှမကောက်တာ နှစ် ၂၀ ကျော်ပြီ။ အခုအကြမ်းဖက်စစ်အုပ်စုလက်ထပ်မှ ဒီလိုပုံစံမျိုးလာလုပ်တာတွေ့ရတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသူ ကိုရဲမင်း(AAC) က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခွန် နှစ်ထပ် မကျသင့်ရေးစာချုပ်သည် မြန်မာနိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံရှိ အလုပ်သမားများ၏ လုပ်အားခပေါ် မူတည်ပြီး ဝင်ငွေခွန် ကောက်ခံသည့် နေရာတွင် မူလ အခွန်ကောက် ဥပဒေပါ ပြဌာန်းချက်အတိုင်း ကောက်ခံရခြင်းဖြစ်ကြောင်း ဥပဒေ ပညာရှင်များထံက သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများသည့် ပတ်စ်ပို့(passport)၊ ဝေါ့ပါမစ်(Work Permit) စသည်တို့ကို ငွေကြေးပေးပြီး လုပ်ဆောင်ထားခြင်းဖြစ်သည့်အတွက် မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံအား သက်ဆိုင်ရာ တရားဝင်အခွန် ထမ်းထားပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုသည်။
“အခွန်နှစ်ထပ် မကျသင့်ရေးစာချုပ်အရ များသောအားဖြင့် တစ်လကို မြန်မာငွေ ၈ သိန်းမကျော်ရင်လည်း ကောက်ခံခွင့် မရှိပါဘူး။ အခုလို သုံးလတစ်ကြိမ် မြန်မာနိုင်ငံကို မဖြစ်မနေ ငွေပြန်ပို့စေပြီး ပို့တဲ့ ငွေတွေ အပေါ်ကနေ အခွန်ထပ်ဖြတ်မယ် ဆိုတာ ကလည်း အခွန်နှစ်ထပ် ဖြစ်သွားစေတဲ့အချက်ပါ။ စစ်ကောင်စီရဲ့ လက်ရှိ ပြောဆိုချက်နဲ့ လုပ်ဆောင်နေမှုတွေက ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် ဝင်ငွေခွန် ထမ်းဆောင်ခိုင်းတာနဲ့မတူဘဲ အေးဓားပြတိုက်နေတဲ့ အခြေအနေပါ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုင်ငံကို အခွန်ပေးဆောင်၍ နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယခုကဲ့သို့ စစ်ကောင်စီက ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်းအပေါ် မြန်မာ အလုပ်သမားရေးဆောင်နေသူများသာမက ထိုင်းအဖွဲ့အစည်း တချို့ကပါ ကန့်ကွက်လျက်ရှိသည်။
ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းအဖွဲ့အစည်းအချို့သည် စစ်ကောင်စီက ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်းအပေါ် ထိုင်းလွှတ်တော်သို့တင်ပြရန် ဆောင်ရွက်နေပြီး မြန်မာအဖွဲ့အစည်းများ အနေဖြင့်လည်း လိုအပ်သည့်မြေပြင် စစ်တမ်းကောက်ယူမှု အချက်အလက်များကို ကူညီပေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏စစ်အသုံးစရိတ်နှင့် နိုင်ငံခြားဝင်ငွေလိုအပ်ချက်များကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားများထံမှ ယခုကဲ့သို့ဝင်ငွေခွန် ကောက်ခံရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ယူဆနေကြပြီး အများစုမှာ လက်ခံခြင်းမရှိဘဲ ယမန်နေ့ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဝင်ငွေခွန် ကောက်ခံခြင်း အပေါ် ကန့်ကွက်ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။
“ကျွန်မကတော့ အခွန်ကို သွားမပေးဘူး။ အရင်ကလည်း အခုလိုမကောက်ဖူးဘူး။ မင်းအောင်လှိုင် အာဏာသိမ်းပြီးမှပဲ ဒီလို လိုက်ကောက်နေတာ။ ပေးဖို့ အစီအစဉ်လည်းမရှိဘူး” ဟု ထိုင်းနိုင်ငံတွင် နှစ်၂၀ ကျော်နေထိုင်ကာ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ ဝင်ငွေခွန် ထပ်မံကောက်ခံခြင်းသည် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး အလုပ်သမားနှင့် အလုပ်ရှင် အကြား သဘောတူ ချုပ်ဆိုထားကြသည့် သက်ဆိုင်ရာ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက် များကိုလည်း ဝင်ရောက် စွက်ဖက်နေခြင်းဖြစ်ကြောင်းလည်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေး ပြောကြားသည်။
ယခုအခါ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ပက်စပို့စာအုပ်ပြန်လဲသူများ၊ ပက်စပို့စာအုပ်စာအုပ် သွားရောက်ထုတ်ယူသူများကို ဝင်ငွေခွန် စတင်ကောက်ခံနေပြီး ဝင်ငွေခွန်အား အောက်တိုဘာမှ စရေတွက်ကာ နိုဝင်ဘာ၊ ဒီဇင်ဘာထိ သုံးလစာ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အခြေခံအလုပ်သမား (Blue Collar) တစ်ဦးလျှင် တစ်လ ဝင်ငွေခွန် ဘတ် ၁၅၀ နှုန်း သတ်မှတ်ထားပြီး ထိုင်းရှိ ကုမ္ပဏီများ၊ ကျောင်းများ၊ ဆေးရုံများတွင် အလုပ်လုပ်နေသည့် ကုမ္ပဏီဝန်ထမ်း ဉာဏအလုပ်သမား(White Collar)တစ်ဦးလျှင် တစ်လ ဝင်ငွေခွန် ဘတ် ၄၅၀ နှုန်း သတ်မှတ်ကာ ပေးဆောင်ရ မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
“ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေက အခက်အခဲပေါင်းစုံနဲ့ လုပ်ကိုင်နေကြရတယ်။ ဒီကြားထဲ အလုပ်လက်မဲ့တွေ၊ အလိမ်ခံရတာတွေ၊ လုပ်အားခမရတာတွေရှိတယ်။ ဒီအခက်အခဲတွေရှိတာတောင် ဘန်ကောက်မြန်မာသံရုံးက ကူညီပေးတာမျိုးမရှိပဲ စစ်ကောင်စီရဲ့ ခမ်းခြောက်နေတဲ့ဘတ်ဂျက်တွေကို အသက်ဆက်ဖို့ ထိုင်းရောက် မြန်မာတွေဆီက အတင်းအဓမ္မ အခွန်ကောက်တာတွေ လုပ်လာတယ်။ အခုလိုကာလမှာ တော်လှန်ရေးကို အင်နဲ့အားနဲ့ တက်ကြွစွာပါဝင်နေတဲ့ ထိုင်းရောက်အလုပ်သမားတွေ အနေနဲ့ လုံးဝကျေနပ်မှုမရှိပါဘူး။ သူတို့အနေနဲ့ အခုလိုအခွန်ပေးတာက စစ်ကောင်စီရဲ့ ဗုံးကြဲတာတွေ၊ ပြည်သူတွေကို သတ်ဖြတ်နေတာတွေကို ထောက်ပံ့ရာရောက်တယ်လို့ ခံစားနေကြရတယ်” ဟု AAC ကိုရဲမင်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ယခုကဲ့သို့ဝင်ငွေခွန်ကောက်ခံမှုအား ထိုင်းနိုင်ငံအပြင် စင်ကာပူ နိုင်ငံတွင်လည်း ကျောင်းသားဗီဇာ (student visa) ကိုင်ဆောင်သူမှအပ စင်ကာပူနိုင်ငံ အတွင်းအလုပ်လုပ်နေသူများကို ဒီဇင်ဘာ ၁၂ ရင်နေ့မှ စတင်၍ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ယူနေပြီး မလေးရှားနိုင်ငံတွင်လည်း ဝင်ငွေခွန် ထပ်မံကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
“မင်းအောင်လှိုင်က ဘယ်နားသွားသွား လိုက်နေတာပဲ။ အလကားမတရား လူသတ်နေတဲ့ အဖွဲ့စည်းကို ဒီဝင်ငွေခွန်ကို ပေးဖို့အစီအစဉ်မရှိဘူး” ဟု စစ်အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ကာ ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် ကျောင်းဆရာ မတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
မြန်မာနိုင်သည် အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ်ကို အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများနှင့် စာချုပ်ချုပ်ဆိုထားကြောင်းလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သား #ဝင်ငွေခွန်ကောက်ခံ #နှစ်ရာခိုင်နှုန်း #စစ်ကောင်စီ #ဘန်ကောက်မြန်မာသံရုံး #Ayeyarwaddy_Times