ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ရှမ်းမြောက်၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏စခန်းကုန်းကို တအာင်းတပ်မတော် (TNLA) က သိမ်းပိုက် ရရှိပြီးနောက် မီတာ ၂၀၀၀ အမြင့်ထိ ပစ်ခတ်နိုင်သည့် လေယာဉ်ပစ် အမြောက်နှင့် အမေရိကန်နိုင်ငံထုတ် လေယာဉ်ပစ်လက်နက်ကြီးများကို သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ နမ့်ဆန်စစ်တပ်ဗျူဟာကုန်းကို TNLA ကသိမ်းဆည်းရရှိပြီးနောက် စခန်းအတွင်း မီတာ ၂၀၀၀ အမြင့်ထိ တစ်မိနစ်ကို အတောင့်ရေ ၆၀၀ ပစ်ခတ်နိုင်သည့် တရုတ်နိုင်ငံထုတ် QJG -02 လေယာဉ်ပစ်စက် သေနတ်ကြီးနှင့် အမေရိကန်နိုင်ငံထုတ် ပွိုင့် ၅ ဘရောင်နင် စက်သေနတ်ကြီး သုံး လက် စုစုပေါင်း လေယာဉ်ပစ်စက်သေနတ်ကြီး လေးလက် နှင့် အခြားလက်နက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

TNLA သည် နမ့်ဆန်မြို့တိုက်ပွဲကို ၆ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နမ့်ဆန်မြို့ရှိ ဗျူဟာတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လေယာဉ်ပစ် လက်နက် ၁၂၀-မမ၊ ၈၄-မမ၊ ၆၀-မမ၊ စနိုက်ဘာ၊ ဒရုန်းပစ် လက်နက်များနှင့် ရာနှင့်ချီသော သေနတ်များအပြင် မိုင်းမျိုးစုံ၊ ကျည်များကို သေတ္တာလိုက်သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရသည်။

“လေယာဉ်ပစ်လက်နက်တွေက ပါကင်တောင် မဖောက်ရသေးဘူး။ ပစ်စရာ လေယာဉ်မရှိဘူးဆိုပြီး မဖောက်တာနေမယ်။ လေယာဉ်ပစ်လက်နက်ကို လေယာဉ်ကို ပစ်ဖို့ပဲသုံးရတယ်လို့ သိတဲ့တပ်တွေ စစ်ရှုံး တာမဆန်းဘူး။ ကျွန်တော်တို့ဘက်က လေယာဉ်မရှိတော့ ပါကင်တောင် မဖောက်ထားဘူး” ဟုမြေပြင်ရှိစစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ အလောင်း ၆၀ ကျော်၊ စစ်သုံ့ပန်း ၃၀ ဦး မိသားစု၀င် သုံး ဦး၊ ရဲ ခြောက် ဦးနှင့် ရဲမိသားစု၀င် ၂၅ ဦး စုစုပေါင်း ၆၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိသည့် နမ့်ဆန်ဗျူဟာတပ်သည် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နှင့် လက်အောက်ခံတပ်ဖြစ် သည့် ခလရ ၂၅၈ မှ လာရောက်ထိုးစစ်ဆင် စခန်းချသည့် တပ်စခန်းဖြစ်သည်။

စစ်ကောင်စီတပ်က စခန်းကိုလက်လွတ်ဆုံးရှုံးရပြီး နောက် နမ့်ဆန်မြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံးများဖြင့် လာ ရောက်ဗုံးကြဲတိုက်ခိုက်ပြီး မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့မှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံအရှေ့လမ်မးကြီးပေါ်တွင် ပေါင် ၅၀၀ ဗုံးကျ ရောက်ပေါက်ကွဲပြီး မန်လုံးရွာ ဒေသခံတစ်ဦး၊ ဇယ်ဘန်ကောက်ရွာမှ ဒေသခံ ၃ ဦးတို့ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့သည့် နမ့် ဆန်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ တိုက်ခိုက်မှုများကြောင့် ဒေသခံ ခုနစ် ဦးသေဆုံးခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း နိုင်ငံ၏စစ်မျက်နှာအသီး သီးမှ တိုက်ပွဲများအတွင်းမှ စက်သေနတ်ကြီး အလက် ၅၀ ထက်မနည်းကို သိမ်းဆည်းရမိထားပြီဖြစ် ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ပုံစာ-စစ်ကောင်စီတပ် နမ့်ဆန် ဗျူဟာကုန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#ရှမ်းမြောက် #နမ့်ဆန် #စစ်ကောင်စီဗျူဟာကုန်း #TNLAသိမ်းပိုက် #လေယာဉ်ပစ်လက်နက်ကြီး# လက်နက်များရရှိ #Ayeyarwaddy_Times