
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆောင်းရာသီ စိုက်ပျိုးချေးငွေများ ထုတ်ယူရန် တောင်သူတစ်ဦးလျှင် ငွေနှစ်သောင်းကျပ် ထက်မနည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ကို ပေးအပ်နေရကြောင်း ဒေသခံများထံက သိရသည်။
ငပုတောမြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ်မှ ဆောင်းရာသီချေးငွေများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးနေပြီး တောင်သူများကို ပြန်လည်ပေးအပ်ရာတွင် ထုတ်ယူခ ငွေကျပ် ၂၀၀၀၀ ပေးအပ်မှသာ ချေးငွေထုတ်ယူခွင့်ရကြောင်း တောင်သူများထံကသိရသည်။
“မြို့နယ်စိုက်ပျိုးဘဏ်ကနေ ဆောင်းရာသီစိုက်ချေးငွေတွေကို အုပ်ချုပ်ရေးမှူးက သူ့သဘောနဲ့သူ ထုတ်ထားတယ်။ ပြီးတော့မှ လိုချင်ရင် သူ့ဆီကိုထုတ်ခ နှစ်သောင်းပေးမှချေးငွေထုတ်ပေးတယ်။ တမင်တကာငွေညစ်နေသလိုဖြစ်နေတယ် “ ဟု ကိုးတောင်ကျေးရွာဒေသခံ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မြို့အနီး ငါးမြင်းချောင်း ကျေးရွာတွင်လည်း ဆောင်းရာသီစိုက်ပျိုးစာရိတ်ချေးငွေအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ ထုတ်ယူခအဖြစ် အကြောင်းပြ၍ တောင်သူတစ်ဦးလျှင်ငွေ နှစ်သောင်း ကျပ် တောင်းခံသည့်အပြင် ငွေကြေးမတတ်နိုင်သည့် တောင်သူများအပေါ် ချေးငွေ တစ်သိန်းထက်မနည်း ဖြတ်တောက်နေကြောင်း ကျေးရွာတောင်သူများကပြောဆိုသည်။
ငပုတောမြို့နယ်တွင်ပြီးခဲ့သည့် ဒီဇင်ဘာလပထမအပတ်ကစ၍ မြို့နယ်စိုက်ဘဏ်မှ ဆောင်းရာသီ ချေးငွေများကို မြို့နယ်မန်နေဂျာမှ တောင်သူများထံ တိုက်ရိုက်ပေးခြင်းမရှိပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ရုံးသို့ခေါ်ယူကာ ထုတ်ပေးနေပြီး တောင်သူများအနေဖြင့်လည်း မိုး၊ဆောင်းစိုက်ပျိုးချေးငွေများပြန်လည်ဆပ်ရန်အတွက် တစ်ဦးလျှင် ငွေ သုံးထောင်ကျပ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ပေးမှသာ အကြွေးဆပ်ခွင့် ထောက်ခံချက် ထုတ်ပေးနေကြောင်း တောင်သူများကဆိုသည်။
#ငပုတောမြို့နယ် #ဆောင်းရာသီစိုက်ချေးငွေ #တောင်သူတစ်ဦး #ငွေ၂သောင်းကျပ်ပေးရ
#Ayeyarwaddy_Times