ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၁၈ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ ခမရ-၃၀၄ တပ်ရင်း၏ လက်အောက်ခံ ထပ်ဘွေးတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၇ နာရီတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီး များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်၊ ထပ်ဘွေးတပ်စခန်းသည် မတူပီ-ပလက်ဝနယ်စပ်တွင် တည်ရှိပြီး စစ်ကောင်စီက အခိုင်အမာခြေကုတ်ယူထားသော တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“ဂျက်ဖိုက်တာ သုံး စီးနဲ့ ဗန်ကိုင်ရွာကို ဦးတည်ပြီးလာပစ်တာ။ မနက်ကတည်းက လက်နက်ကြီး ပစ်တာ အခုထိမနားသေးဘူး။ ဆက်ပစ်နေတုန်းပဲ။ လက်နက်ကြီး ကိုတော့ ၃၀၄-တပ်ရင်းနဲ့ စစ်ဗျူကုန်းကနေ တောက်လျှောက်ပစ်ကူ ပေးနေတာ” ဟု မတူပီမြို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မတူပီမြို့နယ်၊ ဗန်ကိုင်ရွာဒေသခံ သုံး ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“တပ်စခန်းကို မတိုက်ခိုက်ခင်မှာ ဒေသခံတွေကို ကြိုတင်ရှောင်တိမ်းခိုင်းထားပါတယ်။ ဒါပေမယ့် ရွာထဲမှာနေတဲ့ အခုဒေသခံတချို့သေဆုံးတယ်လို့ ကြားရတယ်။ အစည်း အဝေးမှာ တိုက်ပွဲသတင်းကိုတော့ နယ်မြေခံတပ်ရင်းကပဲ ဖြေလို့ရမယ်ဆိုလို့ပါ။ သတင်းထုတ်ပြန်လိမ့်မယ်ထင်တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ရဲဘော် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထေဘွေးတပ်စခန်းသည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း- ၃ ၏ နယ်မြေဖြစ်ပြီး လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိ/မရှိ ကိုမူ မသိရသေးပေ။

မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)နှင့် ချင်းကာ ကွယ်ရေးတပ်ဖွဲ့(လောက်တူ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-ထေဘွေးတပ်စခန်းနှင့် ဗန်ကိုင်ရွာ။
#မတူပီမြို့နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံ၃ဦးသေဆုံး #လူနေအိမ်တချို့ပျက်စီး #Ayeyarwaddy_Times