
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမရှိ ကော့နွဲ့တံတား မိုင်းခွဲ ဖျက်စီးခံခဲ့ရပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နေလယ်မှ စတင်၍ မြဝတီ-ကော့ကရိတ်လမ်းပိုင်းနှင့် ကော့ကရိတ်မြို့အဝင်အထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။
ကော့နွဲ့တံတားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီကျော်က မိုင်းခွဲ ဖျက်စီးခံရ၍ လုံး၀ကျိုးကျ သွားခဲ့ခြင်းဖြစ်ပြီး ကားလမ်းမကြီးပိုင်းကို ဖြတ်သန်း ၍မရတော့ ကြောင်းသိရသည်။
“တနေ့က ည ၇ နာရီကျော်က မိုင်းကွဲသံကြားလိုက်ပြီး ည ၉ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်သံတွေပါကြားရတယ်။ ၁၀ နာရီလောက်မှာလည်း အတွဲလိုက် လက်နက်ကြီး ပစ်သံတွေကြားရတယ်။ မနက်သွားကြည့်တော့ ကော့နွဲ့တံတား အလယ်က ကျိုးကျပြီး ဖြတ်သန်းလို့မရအောင်ပျက်စီးသွားတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကော့နွဲ့ တံတားကျိုးကျပြီးနောက် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်အထိ လက်နက်ကြီး ပစ်ခတ်သံများကြားနေရပြီး မည်သည့်လက်နက်ကိုင်အဖွဲ့စည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ကို သိရှိရခြင်း မရှိပေ။
“ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို မသိရဘူး။ မနက် ၄ နာရီအထိ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ကော့ကရိတ်မြို့ပေါ် (၄) ရပ်ကွက်က အိမ်ပေါ်တွေကိုလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ လူနေအိမ်တွေ ပျက်စီးသွားတယ်” ဟု ဒေသခံက ဆိုသည်။
စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့ အဝင် အထွက်လမ်းများကို ပိတ်ဆို့ထားပြီး ကော့ကရိတ်မြို့အတွင်းမှ စစ်ဘေးရှောင်ရသူ ၅၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ- ဒေသခံပေးပို့
ပုံစာ-ကျိုးကျသွားသည့်ကော့နွဲ့တံတားအားတွေ့ရစဉ်
#ကော့နွဲ့တံတားကျိုးကျ #စစ်ကောင်စီ #မြဝတီကော့ကရိတ်လမ်းပိုင်းပိတ်ထား #Ayeyarwaddy_Times